ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ထောပတ်သီး စိုက်ပျိုးသည့် ရင်းနှီးမြှုပ်နှံသူများ တိုးလာ
ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့၌ ထောပတ်သီး စိုက်ပျိုးသည့် ရင်းနှီးမြှုပ်နှံသူများ တိုးလာကာ ဒေသမျိုးနှင့် နိုင်ငံခြား ထောပတ်သီး မျိုးများ တိုးချဲ့စိုက်ပျိုးလာကြောင်း မြန်မာ နိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးညွန့်၏ ပြောကြားချက်အရ သိရသည်။
ထိုသို့တိုးချဲ့ စိုက်ပျိုးရာတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊(မြောက်ပိုင်း) နှင့် မန္တလေးတိုင်း ဒေသကြီးရှိ မြို့နယ်တချို့၌ တိုးချဲ့စိုက်ပျိုးခြင်း ဖြစ်ကြောင်း သိရသည်။
''ထောပတ်သီးစိုက်ပျိုးရေး အခြေအနေ က ရင်းနှီးမြှုပ်နှံသူတွေ တိုးလာတယ်။ အရင်က ဒေသတစ်ခုမှာ ဧက ၁ဝဝ တိုးချဲ့ စိုက်ပျိုးမယ်လို့ လျာထားပေမယ့် ပျမ်းမျှ ၂၅ ဧကလောက်ပဲ တိုးချဲ့စိုက်ပျိုးဖြစ်တယ်။ အကြောင်းကြောင်းတွေကြောင့် ရင်းနှီးမြှုပ်နှံမှုတွေ ရပ်တန့်သွားတယ်။ ပျမ်းမျှ ၂၅ ဧကလောက် တိုးလာတဲ့ဒေသ တွေက ရှမ်းပြည်နယ် (တောင်ပိုင်း) ဟိုပုံး၊ ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်း ပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် တို့ဖြစ်ပါတယ်'' ဟု ဦးမျိုးညွန့် ကပြောသည်။
တိုးချဲ့စိုက်ပျိုးရာတွင် ဈေးကွက်ဝင် ဒေသမျိုးများအပြင် နိုင်ငံခြားမျိုးများလည်း ပါဝင်ကြောင်းနှင့် ထောပတ်သီးကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့နိုင်ရန် ရည်မှန်း၍ Global GAP စသည့် သင်တန်းများပေးကာ လက်မှတ်များ ထုတ်ပေးပြီး စနစ်တကျ စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထောပတ်သီး စိုက်ပျိုးထုတ်လုပ်မှုများကို အရှိန်အဟုန်မြှင့် ဆက်လက် လုပ်ဆောင်လျက်ရှိရာ သက်ဆိုင်ရာမှ ပြည်ပဈေးကွက်များ ဖော်ဆောင်ပေးရန် လိုအပ်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ၌ ထောပတ်သီးကို ရှမ်း ပြည်နယ်၊ ချင်းပြည်နယ်၊ နာဂတောင်တန်း၊ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် မိုးကုတ် စသည့်ဒေသများ၌ စိုက်ပျိုးကြောင်း သိရသည်။