ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော်၊ မတ် - ၃၁

        ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျက်သရေဆောင် လောကာနန္ဒာ စေတီတော်မြတ် ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင်၊ မင်းပြားမြို့၊ ပရိယတ္တိ ဓမ္မိကာရာမ စာသင်တိုက် ပဓာနနာယက အဂ္ဂမဟာသဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဣန္ဒာစရိယ မင်းပြားဆရာတော်ကြီး အမှူးပြုသည့် ဆရာ တော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ ကောင်စီဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များက စေတီတော်လိုဏ်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် အခမ်းအနားကို စတင်ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမော တဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ဘုရားဒါယကာ၊ ဒါယိကာမများက ရတနတ္တပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာ တို့ကို ရွတ်ဆိုပွားများ ပူ ဇော်ကြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများက မင်းပြားဆရာတော် ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကာ များက ပရိတ်ပန်း၊ ပရိတ် ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို သံဃာတော်များထံ ဆက်ကပ်သည်။ ၎င်းနောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော် တို့ကို သံဃာတော်များထံ သာဟတ္ထိကဒါနမြောက် ဆက်ကပ်ပူဇော်ပြီး ဆရာ တော်ကြီးများအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် အခမ်း အနား တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင် သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဓမ္မဇောတိကဓဇ ဘဒ္ဒန္တ သောမ  ဆရာတော်ကြီးထံမှ အနုမောဒနာ တရား နာယူ၍ လှူဒါန်းမှုအစုစု အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို မင်္ဂလာ ဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည် ပူဇော်ကာ မဟာမင်္ဂလာမဏ္ဍပ်တော်ကြီးရှေ့ရှိ ခေတ္တအပူဇော်ခံနေရာသို့ ပို့ဆောင်ကြ သည်။ ထို့နောက် မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော် ဝန်ကြီးချုပ်၏ ဇနီးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားတက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာကြိုးဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်ကြ သည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော် အထွတ် ၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။ ထို့နောက် ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ထို့နောက် လောကာနန္ဒာစေတီတော်မြတ်ကြီး အတွက် အလှူငွေပေးအပ်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စေတီတော် မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သိန်းခိုင် တို့က လက်ခံရယူကြသည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက စစ်တွေမြို့ ကျက်သရေဆောင် လောကာနန္ဒာစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ် သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။ ယင်းနောက် မဟာမင်္ဂလာအခမ်းအနားများ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် စကြာမုနိသိမ်တော်မြတ်ကြီးအတွင်းရှိ စကြာမုနိ ဗုဒ္ဓရုပ်ပွား တော်မြတ်အား ဖူးမြော်ကြည်ညိုပြီး မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူ ပူဇော်၍ စကြာမုနိ သိမ်တော်မြတ်ကြီးနှင့် စကြာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် လိုအပ်သည် များကို တာဝန်ရှိ သူများအား မှာကြားသည်။

အခမ်းအနားများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည် တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကြသည်။

အဆိုပါ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကျက်သရေဆောင် လောကာနန္ဒာစေတီ တော်မြတ်ကြီးသည် စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက်၊ မေယုလမ်းနှင့် သတ္တုဌာနလမ်းဆုံ၌ တင့်တယ်သပ္ပာယ်စွာ တည်ရှိလျက်ရှိပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမှူးပြုသည့် စေတနာရှင်အလှူရှင် များက ၁၉၉၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှစ၍ တည်ထားကိုးကွယ်ရေးလုပ်ငန်း များကို စတင်ဆောင်ရွက်ခဲ့ကာ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ရွှေထီးတော် တင်မဟာမင်္ဂလာအခမ်းအနားနှင့် မတ် ၂ ရက်တွင် စေတီတော်ကြီး အနေကဇာတင် အခမ်းအနားတို့ကို ကျင်းပပြုလုပ်ပြီးစီးခဲ့ကြောင်း၊ “လောကာနန္ဒာ” ဟူသည့် အဓိပ္ပါယ် မှာ လူ့လောက၊ နတ်လောက၊ ဗြဟ္မာလောကတို့၏ ကိုးကွယ်ဆည်းကပ်ပူဇော်ရာဟူ၍ အဓိပ္ပါယ်ရကြောင်းနှင့် စေတီတော်ကြီးမှာ ဉာဏ်တော်အမြင့် ၁၀၈ တောင်၊ ပေအား ဖြင့် ၁၆၂ ပေ၊ အချင်း ၂၃၂ ပေ၊ ရင်ပြင်တော်အကျယ် ၄၅၉ ပေရှိပြီး အရံစေတီတော် ၈ ဆူရှိကြောင်း၊ စေတီတော်၏ မုခ်ပေါက်လေးဘက်ကို ရှေးဟောင်းရခိုင်လက်ရာပုံစံများ နှင့် ကျောက်ကို ထွင်းဆစ်ပြုလုပ်ထားပြီး အတွင်းနံရံလေးဘက်တွင် ဗုဒ္ဓမြတ်စွာဘုရား ၏ ဖြစ်တော်စဉ် ၅၅၀ ဇာတ်နိပါတ်တော်များကို မြန်မာမှု ပန်းတမော့လက်ရာ ရုပ်လုံး၊ ရုပ်ကြွများဖြင့် ကျောက်ဆစ် အနုလက်ရာပြောင်မြောက်စွာ ထွင်းထုထားရှိကြောင်း၊ လိုဏ်ဂူတော်အတွင်းတွင် အရပ်လေးမျက်နှာသို့ မျက်နှာမူနေသည့် ကကုသန်ဘုရား၊ ကောဏာဂုံဘုရား၊ ကဿပဘုရား၊ ဂေါတမ ဘုရားရှင်တို့၏ ကြေးသွန်းဆင်းတုတော် လေးဆူမှာ ရခိုင်ရှေးခေတ် လက်ရာပုံစံများဖြင့် ထုဆစ်ထားသည့် ကျောက်သားပလ္လင် များပေါ်တွင် သပ္ပာယ်စွာ ကိန်းဝပ်စံပယ်တော်မူလျက်ရှိကြောင်း၊ စေတီတော်ကြီးကို နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသခံတိုင်းရင်းသားပြည်သူများ၊ စေတနာရှင်အလှူ ရှင်များက ခေတ်အဆက်ဆက်ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့ကြကြောင်း၊ ယခုအခါတွင်လည်း စေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမှူးပြုသည့် ခုနစ်ရက် သားသမီး စေတနာရှင် အလှူရှင်များ စုပေါင်း၍ စေတီတော်ကြီးအတွင်းလိုဏ် အပါအဝင် ဘက်စုံပြုပြင်မွမ်းမံ ခဲ့ကြခြင်းဖြစ်ကြောင်းနှင့် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကို ယနေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။