ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် စီးပွားရေးဆိုင်ရာ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး ကျင်းပ

နေပြည်တော်  မေ  ၃

ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် စီးပွားရေးဆိုင်ရာ လိုင်စင်၊ ပါစ်၊ ထောက်ခံချက်များ ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးတွင် Video Conferencing ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးအောင်နိုင်ဦးက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ရရှိပြီးနောက်ပိုင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများ/ အဖွဲ့အစည်းများ၏ စီးပွားရေးနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များကို ဆက်လက် လျှောက်ထားရယူရာတွင် အချို့ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များအတွက် အခက်အခဲ များနှင့် ကြန့်ကြာမှုများကြုံတွေ့နေရကြောင်း၊ သို့ပါ၍ သက်ဆိုင်ရာလိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ ထုတ်ပေးမှုအပေါ် ပြန်လည်သုံးသပ်၍ ဖြေလျှော့မှုများ ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိကြောင်း ဆွေးနွေးမှာကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း  ၁၆ ခုက ခွင့်ပြုပေးလျက်ရှိသည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် စုစုပေါင်း ၂၇၃ မျိုးရှိပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုပေးသည့် လုပ်ငန်းများနှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိသည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် အရေအတွက်မှာ ၁၅၁ မျိုးရှိသည်ကို ပဏာမ စိစစ်တွေ့ရှိကြောင်း၊ အဆိုပါ လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များအနက် လူကိုယ်တိုင် လာရောက်လျှောက်ထား

ရယူရသည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် ၁၃၄ မျိုးရှိနေသည်ကို တွေ့ရကြောင်း၊ လိုင်စင်၊  ပါမစ်၊ ထောက်ခံချက်များ ထုတ်ပေးသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းအစည်းအဝေးများ ဆက်လက်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်၍ ပူးပေါင်း ပါဝင်ကြရန် ဆွေးနွေးသည်။

ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် သက်ဆိုင်သည့်  လိုင်စင်၊ ပါမစ်၊ ထောက်ခံချက်များ   ပြန်လည်သုံးသပ်ရေး အဖွဲ့၏ အတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်က  အဖွဲ့အနေဖြင့် အသေးစိတ် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြသည်။

အစည်းအဝေးသို့  ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သည့် လိုင်စင်၊ ပါမစ်၊ ထောက်ခံချက် များ ပြန်လည်သုံးသပ်ရေး အဖွဲ့  အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။