ရတနာပုံအသင်း ပြည်တွင်းကစားသမားသစ် ငါးဦးခန့် အားဖြည့်ခေါ်ယူရန်စီစဉ်ထား

 

ရတနာပုံအသင်းသည်    လာမည့်ဘောလုံးရာသီ   အကြိုပြင်ဆင်မှုအဖြစ် ပြည်တွင်းကစားသမားသစ်   ငါးဦးခန့်အားဖြည့်ခေါ်ယူရန် စီစဉ်ထားကြောင်း အသင်းတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ရတနာပုံအသင်းသည် ၂၀၂၀ ဘောလုံးရာသီကုန်တွင် အမာခံကစားသမားများဖြစ်သည့်  အောင်သူ၊  စည်သူအောင်၊ ရဲရင့်အောင်နှင့် မောင်မောင်စိုးတို့အပါအဝင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ သော  ကစားသမားတချို့နှင့် လမ်းခွဲခဲ့သည်။

ထို့ပြင်  ပြီးခဲ့သည့်ဘောလုံးရာသီက အသင်းခေါင်းဆောင်အဖြစ်   တာဝန်ယူဆောင်ရွက်ခဲ့သည့် လက်ရွေးစင်ကွင်းလယ်ကစားသမား လှိုင်းဘိုဘိုကိုလည်း ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းသို့ ရာသီဝက် အငှားချခဲ့သည်။ ထို့ကြောင့် ရတနာပုံအသင်းအနေဖြင့် လာမည့်ဘောလုံးရာသီအတွက် ပြည်တွင်းကစားသမားသစ်များ ပြန်လည်ဖြည့်တင်းရန် စီစဉ်ထားခြင်းဖြစ်သည်။

“အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ကစားသမားတချို့နဲ့  လမ်းခွဲထားတဲ့အတွက် ကစားသမားသစ် တွေ ပြန်ဖြည့်ဖို့ စီစဉ်ထားပါတယ်။ စာချုပ်သက်တမ်းကုန်ဆုံးတဲ့ကစားသမားတွေထဲက တချို့ကိုလည်း သက်တမ်းတိုးစာချုပ် ပြန်လည်ချုပ်ဆိုပါမယ်။ ပြည်တွင်းကစားသမားသစ်ကတော့ ငါးဦးလောက် ခေါ်ယူဖို့ဆွေးနွေးညှိနှိုင်းနေပါတယ်။ ခေါ်ယူဖြစ်ခဲ့ရင် အသင်းကတရားဝင်ထုတ်ပြန်ပေးပါမယ်။    ပြည်ပ ကစားသမားခေါ်ယူဖို့ကတော့   အသင်းပိုင်ရှင်ဆီက ခွင့်ပြုချက်မရသေးပါဘူး”ဟု ၎င်းက ပြောသည်။

ရတနာပုံအသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတစ်လျှောက်   ချန်ပီယံဆုလေးကြိမ်ရရှိကာ ဒုတိယ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေသည်။ သို့သော် ရတနာပုံအသင်းသည် ၂၀၂၀ မြန်မာနေရှင် နယ်လိဂ်ပြိုင်ပွဲတွင်     အမှတ်ပေးဇယားအဆင့် (၅) နေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။