ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ဆူပူဆန္ဒပြမှုဖြစ်စဉ်များအား လူစုခွဲရှင်းလင်းခဲ့ပြီး ဆူပူဆန္ဒပြရာတွင် ပါဝင်သူ အမျိုးသား ၅ ဦးအား ဖမ်းဆီးအရေးယူ

နေပြည်တော်၊ ဧပြီ ၂၆

ရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ဦးအေးလမ်းသွယ်(၁)လမ်း၌ ယနေ့နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် ဆူပူအကြမ်းဖက်သူအင်အား ၂၀ ဦးခန့် က ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်၍ အင်အားသုံးလူစုခွဲခဲ့ပြီး ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ၎င်းရပ်ကွက်နေ ညီစိုးမြတ် (၁၉)နှစ် (ဘ) ဦးသန်းထိုက်ပါ အမျိုးသား ၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်း ရပ်ကွက်၊ ၁၁၉ လမ်းနှင့် ဗညားဒလလမ်းထောင့်ရှိ “ကြက်လျှာစွန်း” ဒံပေါက်ဆိုက်ရှေ့၌ ဆူပူအကြမ်းဖက်သူ အင်အား ၃၀ ဦးခန့်သည် ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်၍ အင်အားသုံးလူစုခွဲခဲ့ပြီး ဆူပူဆန္ဒပြမှုတွင် ပါဝင်သူ ကျောက်တံတား မြို့နယ်နေ ဟိန်းနိုင်စိုး (၂၀)နှစ် (ဘ) ဦးမျိုးအောင်ပါ အမျိုးသား ၂ ဦးအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။