ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နှင့် ကမာရွတ်မြို့နယ်၌ နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ စာရွက်များကိုင်ဆောင်ဖြန့်ကြဲနေသူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၈

            နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံးလမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့်  အများပြည်သူပိုင် အဆောက်အဦများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက်များ အား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ် ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှုဖြစ်စဉ်များအား ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသား လှုံ့ဆော်ဖြန့်ဝေ သူများကိုလည်း နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရှေ့ရှု့ကာ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။

            ထိုသို့ဆောင်ရွက်လျက်ရှိရာ မေလ ၇ ရက် နံနက် ၁၀ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်၊ ကျိုက္ကဆံလမ်း၊ တာမွေယာယီဈေးရှေ့၌ ဆူပူအကြမ်းဖက်သူအင်အား ၃၀ ဦးခန့်က ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အဆိုပါအခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ပြီး ဆူပူဆန္ဒပြနေသော လူစုလူဝေးအား လူစုခွဲခဲ့ရာ အဆိုပါဆူပူအကြမ်းဖက်သူ လူအုပ်စုအတွင်းမှ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၂ ဦးတို့အား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့် နိုင်ငံတော် ဆန့်ကျင်ရေးစာသားပါ စာရွက် ၂၃ ရွက်တို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့သည်။

            အလားတူ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ဗဟိုလမ်းနှင့် အောင်ချမ်းသာလမ်းထိပ်၌ နိုင်ငံတော်ဆန့်ကျင် စာသားများ ဖြန့်ကြဲနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဆန့်ကျင်စာသား များဖြန့်ကြဲနေသည့် ကမာရွတ်မြို့နယ်၊ (၁၀)ရပ်ကွက်နေ မျိုးမင်းသိန်း (၂၁)နှစ်နှင့် အမျိုးသမီး ၁ ဦးတို့အား နိုင်ငံတော်ဆန့်ကျင်ရေးစာသားနှင့်  ဓာတ်ပုံများပါ A4 စာရွက် ၅၀၀ ရွက်ခန့်တို့နှင့်အတူ ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့သည်။

            အထက်ပါဖြစ်စဉ်များမှ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။