ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မီးငြိမ်းသတ်ရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်အဖွဲ့များအား ဆူပူအကြမ်းဖက်သူများမှ ရန်ပြုတားဆီးခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့မှု
နေပြည်တော်၊ မတ်လ ၁၅
၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက် ည ၁၀ နာရီကျော်ခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း လှည့်ကင်းယာဉ်များဖြင့် ညပိုင်းလှည့်ကင်းဆောင်ရွက်နေစဉ် (၆၈) ရပ်ကွက်၊ ဧရာဝဏ်လမ်းရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မော်တော်ယာဉ်ဌာနတွင် မီးလောင်နေသဖြင့် မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ သွားရောက်မီးငြိမ်းသတ်ခဲ့ပါသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မင်းရဲကောင်းပုံလမ်းရှိ အတားအဆီးများကို သွားရောက်ဖယ်ရှားရှင်းလင်းစဉ် ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား (၁၅၀) ဦးခန့်မှ လေးခွ၊ ဂျင်ကလိ၊ ခဲများဖြင့် ပစ်ပေါက်ခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ ည ၁၀ နာရီ ၄၀ မိနစ် ခန့်တွင် လူစုကွဲသွားခဲ့ပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လှည့်ကင်းဆက်လက်ဆောင်ရွက်ခဲ့ရာ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မီးသတ်ဦးစီးဌာနအား လူအုပ်စုဖြင့် ဝန်းရံပိတ်ဆို့၍ အကြမ်းဖက်ခံနေရကြောင်း သတင်းရရှိသဖြင့် ထိန်းသိမ်းရန် ထွက်ခွာခဲ့ရာ ည ၁၁ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ပဲခူးမြစ်လမ်းနှင့် မြနန္ဒာလမ်း ထောင့်အရောက်၌ လူစုလူဝေး အင်အား (၂၀၀)ဦးခန့်ဖြင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ၎င်းလူအုပ်စုမှ အုတ်ခဲ၊ ဂျင်ကလိ၊ ကုန်းသီးများဖြင့် ပစ်ခတ်ခြင်း၊ ဓါတ်ဆီ ပုလင်းများ မီးရှို့ပစ်ခတ်ခြင်းတို့ဖြင့် အကြမ်းဖက်ရန်ပြုတိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရာ ည ၁၁ နာရီ ၄၀ မိနစ်ခန့်တွင် လူစုကွဲသွားခဲ့ပြီး အကြမ်းဖက် လူအုပ်စုအတွင်းမှ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသည်။
၎င်းနောက် ပူးပေါင်းလှည့်ကင်းအဖွဲ့သည် ဆက်လက်ကင်းလှည့်လာစဉ် (၉၄) ရပ်ကွက်၊ ပုဏ္ဏမီလမ်းအရောက်တွင် အကြမ်းဖက်လူစုလူဝေးအင်အား (၂၅၀) ဦးခန့်မှာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး အဆောက်အဦအား လေးခွ၊ ဂျင်ကလိ၊ ကုန်းသီးများဖြင့် ပစ်ခတ်ခြင်း၊ မီးကွင်းများ ပစ်ခတ်ခြင်း၊ ဓါတ်ဆီဘူးများအား မီးရှို့ပစ်ပေါက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ အမျိုးသား ၃ ဦး(စိစစ်ဆဲ) သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။
ဖြစ်စဉ်များပါ သေဆုံးမှုများနှင့်ပတ်သက်၍ သေမှုသေခင်းရေးဖွင့်ကာ ရဲလုပ်ငန်းများနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။