ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံထားရသူ Democracy Vision သတင်းဌာနမှ သတင်းထောက် ဇင်သော်နိုင်အား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၅

            ၂၀၂၁ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်လှစ်ခံထားရသူ ဒီမိုကရေစီဗင်းရှင်း သတင်းဌာနမှ သတင်းထောက် ဇင်သော်နိုင်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

          ဖြစ်စဉ်မှာ ဧပြီလ ၄ ရက် မွန်းလွဲ ၁ နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ရန်ကုန်မြို့အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဗိုလ်တစ်ထောင်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မဟာဗန္ဓုလမ်း အရောက်တွင်  လူတစ်ဦးမှ နွေဦးမှတ်တိုင် သတင်းလွှာစက္ကူ ၁ ရွက်အား ဗိုလ်ကလေးဈေး ကားမှတ်တိုင်တွင် ကပ်နေသည်ကို တွေ့ရှိရသဖြင့် ခေါ်ယူစစ်ဆေးရာ မြောက်ဥက္ကလာပမြို့နယ်နေ ဇင်သော်နိုင် (၃၆)နှစ် (ဘ) ဦးသိန်းဌေး Democracy Vision သတင်းဌာနမှ သတင်းထောက် ဆိုသူဖြစ်ပြီး ၎င်းမောင်းနှင်လာသော ယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်နံပါတ်ပြားအမှန်ပေါ်၌ ယာဉ်နံပါတ်ပြားအတု တပ်ဆင်မောင်းနှင်အသုံးပြုပြီး ၎င်းယာဉ်အတွင်းမှ နွေဦးမှတ်တိုင် သတင်းလွှာစာရွက် ၈ ရွက်၊ ကော်ထုပ် ၄ ထုပ်၊ Democracy Vision သတင်းဌာနမှ ဇင်သော်နိုင် အမည်ပါ လည်ဆွဲ ၂ ခု၊ သံချွန်သုံးချောင်းစိုက်ထားသည့် ပိုက်ပျော့ ၁ ချောင်း၊ တူ ၁ လက်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သောကြောင့် ဇင်သော်နိုင်အား အမှုဖွင့်လှစ်စစ်ဆေးလျက်ရှိပြီး ၎င်းသည် ဆူပူဆန္ဒပြမှု များ၌ ပါဝင်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပုဇွန်တောင်မြို့မရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့်လှစ်ခံထားရသူဖြစ်ကြောင်း သတင်းရရှိပါသည်။