နေပြည်တော်၊ မေ ၂၂
နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံးလမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့် အများပြည်သူပိုင် အဆောက်အအုံများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက် များအား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော် တည်ငြိမ်ရေးအတွက်ရှေ့ရှု့ကာ ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ မေလ ၂၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်တွင် မင်္ဂလာဒုံ မြို့နယ်၊ ထောက်ကြန့်မြို့ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်နေစဉ် အမှတ်(၃)လမ်းမကြီး၊ တပ်ရင်း(၉)ကားမှတ်တိုင်အနီးတွင် အမျိုးသမီး ၁ ဦးသည် ကားမှတ်တိုင်နှင့် အနီးရှိဓာတ်တိုင်များတွင် စာရွက်များလိုက်လံကပ်နေသည်ကို တွေ့ရှိရ၍ သွားရောက်စစ်ဆေးခဲ့ရာ ထောက်ကြန့်မြို့၊ ကုန်းတလပေါင်ကျေးရွာနေ မဆောင်းသဇင်နွယ် (၁၈)နှစ် (ဘ)ဦးအေးမင်းဖြစ်ကြောင်း သိရှိရပြီး ၎င်းကိုင်ဆောင်ထားသော အိတ်အတွင်းမှ နိုင်ငံတော် ဆန့်ကျင်ရေးလှုံ့ဆော်စာသားများပါ အလျား ၈ လက်မ၊ အနံ ၆ လက်မခန့်ရှိ စာရွက် ၃၀ ရွက်၊ အကြည်ရောင်တိပ် ၁ ခွေတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ မဆောင်းသဇင်နွယ်အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။