နေပြည်တော်၊ မေ - ၁၄
မြန်မာနိုင်ငံတစ်ဝန်းရှိ ရဟန်းရှင်လူ ပြည်သူများ အန္တရာယ်ကင်းစေရေး အတွက် ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာ နာယက ဆရာတော်ကြီးများ သီတင်းသုံးတော်မူသည့် မဟာနာယကဘုရားကျောင်းဆောင်၌ ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဉက္ကဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်း တိုက်ဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ၁၇ ပါး ကြွရောက်တော်မူကြပြီး ရန်ကုန်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး ဗန်းတော်ဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်အရှင်သူမြတ် များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သတင်းရရှိသည်။