နေပြည်တော်၊ မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ Denko ဆီဆိုင်၌ အကြမ်းဖက်သူများမှ လက်လုပ်မိုင်းဖောက်ခွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၅ ဦးနှင့် အမျိုးသမီး၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မေလ ၁၅ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊ (ဃ)ရပ်ကွက်၊ ခေမာသီလမ်းရှိ Denko ဆီဆိုင်၌ ပေါက်ကွဲမှုဖြစ်ပွား၍ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မီးငြိမ်းသွားခဲ့ပြီး အဆိုပါပေါက်ကွဲမီးလောင်မှုကြောင့် ဆီဆိုင်ရှိ ဆီပန့်အမှတ်(၄)၊ ဘေးတွဲဆိုင်ကယ် ၁ စီး၊ ဆိုင်ကယ် ၁ စီးမီးလောင်ဆုံးရှုံးခဲ့ပြီး ဆီဆိုင်ဝန်ထမ်း ၂ ဦးနှင့် ဆီလာဖြည့်သည့် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၁ ဦးတို့တွင် မီးလောင်ပေါက်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသမှုခံယူနိုင်ရေး မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့သည်။
အဆိုပါမီးလောင်ပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆီဆိုင်ရှိ CCTV မှတ်တမ်းများအား ကြည့်ရှု့စစ်ဆေးခဲ့ရာ ညနေ ၄ နာရီ ၆ မိနစ်ခန့်တွင် အကြမ်းဖက်သူ အမျိုးသား ၂ ဦးသည် ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဆီဖြည့်ဟန်ဆောင်၍ လက်လုပ်မိုင်းဟု ယူဆရသော Bluetooth Speaker Box ၁ လုံးအား ဆီပန့်အမှတ် (၄)တိုင်ခြေတွင်ချထားကာ ပြန်လည်ထွက်ခွာ သွားခဲ့ပြီး ၅ မိနစ်ခန့် အကြာတွင် အဆိုပါနေရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်မှ ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ အပူတပြင်းလိုက်လံစုံစမ်းရှာဖွေလျက်ရှိကြောင်း သတင်းရရှိသည်။