ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ အကြမ်းဖက်သမား ၂ ဦးက အကြမ်းဖက်မှု လုပ်ရပ်များလုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ အကြမ်းဖက်သမား ၂ ဦးက အကြမ်းဖက်မှု လုပ်ရပ်များလုပ်ဆောင်ရန် လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ သေဆုံး
 
နေပြည်တော်၊ ဩဂုတ် ၁
 

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ အကြမ်းဖက်သမား ၂ ဦးက အကြမ်းဖက်မှု လုပ်ရပ်များလုပ်ဆောင်ရန် နေအိမ်အတွင်း လက်လုပ်မိုင်းတပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ ၃၁ ရက် နံနက် ၅ နာရီ ၁၀ မိနစ်အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ (၂၉)ရပ်ကွက်၊ ကောက်သွယ်(၁)လမ်း အမှတ်(၁၁/၁)နေ ဦးသိန်းဦး(၅၉)နှစ်၏ နေအိမ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါ နေအိမ်အတွင်းရှိ ထပ်ခိုးအခန်းအတွင်း ဦးသိန်းဦး၏ တူတော်စပ်သူများဖြစ်သည့် နေလင်း (၂၄)နှစ်နှင့် ပြည်ဖြိုးဦး(ခ) အကြီးကောင် (၂၈)နှစ်တို့ ၂ ဦးသည် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ရန်အတွက် လက်လုပ်မိုင်းတစ်လုံးအား တပ်ဆင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် နေလင်းတွင် ဝဲလက်ကောက်ဝတ်နှင့် ယာလက်ချောင်းများ ပြတ်ကာ၊ မျက်နှာ၊ ရင်ဘတ်နှင့် ဝဲယာခြေထောက်တို့၌လည်းကောင်း၊ ပြည့်ဖြိုးဦး(ခ)အကြီးကောင်တွင် ဝဲလက်၊ ယာခြေသလုံး၊ ဝဲ/ယာပေါင်တို့၌ မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိကာ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အခန်းအတွင်း အသေးစိတ်ဆက်လက်စစ်ဆေးခဲ့ရာ အဆိုပါအခန်းအတွင်းမှ မပေါက်ကွဲသေးသည့် လက်ပစ်ဗုံး(စိစစ်ဆဲ) ၁ လုံးအား တွေ့ရှိသိမ်းဆည်းရရှိခဲ့ပါသည်။
ထို့နောက်လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သိမ်းဆည်းရမိသည့် လက်ပစ်ဗုံးတစ်လုံးအား စနစ်တကျဖောက်ခွဲရှင်းလင်းကာ သေဆုံးခဲ့သူ ၂ ဦး၏ ရုပ်အလောင်းများအား သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိခဲ့ပြီး လိုအပ်သောလုပ်ငန်းများအား ဥပဒေလုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်‌ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။