ရန်ကုန်တိုင်းဒေသကြီး၏ နေ့စဉ်စားရေးလိုအပ်ချက်ကို ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထုတ်လုပ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၏ နေ့စဉ်စားရေးလိုအပ်ချက်ကို ဒေသတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထုတ်လုပ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်

နေပြည်တော်၊ ဇွန် - ၁၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန် ရှိသူများလိုက်ပါ၍ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ရန်ကုန်မြစ်နှင့် မှော်ဝန်းချောင်းကြားနေရာရှိ သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား ရှင်းလင်း ဆောင်၌ မြန်မာစီးပွားရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ မြန်မာ့ စီးပွားရေးဦးပိုင်အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက သီလဝါဘက်စုံ စိုက်ပျိုး မွေးမြူရေးဇုန်၊ ၂၆ မိုင် ဘက်စုံစိုက်ပျိုး မွေးမြူရေးဇုန်၊ တွံ့တေးမြို့နယ်ရှိ ရွှေမုယင်း ငါးကန်နှင့် ငွေပင်လယ်မွေးမြူရေးနှင့် ရေလုပ်ငန်းတို့၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ဘက်စုံစိုက်ပျိုးမွေးမြူရေး ဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု၊ ဆောင်ရွက်ပြီးစီးပြီး လုပ်ငန်းလည်ပတ် နေမှုနှင့် ဈေးကွက်အတွင်းသို့ သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးရောင်းချပေး လျက်ရှိမှု အခြေအနေများ၊ သီလဝါစိုက်ပျိုး မွေးမြူရေးဇုန်မှ ထွက်ရှိသည့် ကြက်ဥ၊ ဘဲဥများအား သဘာဝဘေးဒဏ်သင့်ခဲ့ရသည့် ဒေသများ၌ သက်သာသောနှုန်းထားများ ဖြင့် သွားရောက်ရောင်းချပေးလျက်ရှိသည့် အခြေအနေများ၊ ရန်ကုန်တိုင်းဒေသကြီး အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့် သား၊ ငါး ထုတ်လုပ်မှု အပေါ် စားသုံးနိုင်မှု အခြေအနေများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြကြ သည်။

စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ဒေသတွင်း၌ ဖူလုံအောင် ထုတ်လုပ်နိုင်ခြင်းဖြင့် စားရေရိက္ခာဖူလုံရမည်

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုကဲ့သို့ စိုက်ပျိုးမွေးမြူရေးဇုန်များ ဖော်ဆောင်၍ ဆောင်ရွက်လျက်ရှိခြင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေ ရိက္ခာဖူလုံစေရန်နှင့် သက်သာသောဈေးနှုန်းများဖြင့် ဝယ်ယူစားသုံးနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် လူဦးရေ ၈ သန်းခန့်ရှိပြီး နေ့စဉ် အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက် လိုအပ်ချက်များစွာရှိသဖြင့် တတ်နိုင် သမျှဖြည့်ဆည်း ဆောင်ရွက်ပေးရန်လိုကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊  ရှမ်းပြည်နယ်တို့အပါအဝင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များက လည်း ရန်ကုန်တိုင်းဒေသကြီးသို့ အသား၊ ငါးနှင့် ဥများကို တင်ပို့ရောင်းချလျက်ရှိသည် ကို တွေ့ရှိရကြောင်း၊ အခြားဒေသမှ လာရောက်ရောင်းချခြင်းဖြင့် ထုတ်လုပ်မှုကုန်ကျ စရိတ်အပြင် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များကြောင့် စားသောက်ကုန်များကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေး ဇုန်များကို အောင်မြင်အောင် အကောင်အထည် ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ရန်ကုန်မြို့၏ နေ့စဉ် စားရေးလိုအပ်ချက်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ရောင်းချနိုင်မည်ဆိုပါက မြို့နေပြည်သူများ အနေဖြင့် အသားငါးများကို ဈေးနှုန်းသက်သာစွာဖြင့် ပေါများစွာ ဝယ်ယူစားသုံးနိုင် မည်ဖြစ်ကြောင်း။

အခြေခံစားကုန်များ ဈေးနှုန်းကြီးမားမှုမရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ

        ပြည်သူလူထုအနေဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို နေ့စဉ် မဖြစ်မနေ ဝယ်ယူစားသုံးနေရသောကြောင့် အခြေခံစားကုန်များ ဈေးနှုန်းကြီးမားမှုမရှိစေရေး မိမိ တို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးကို အလေးထားအားပေးဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုလားသူများအနေဖြင့် မိမိတို့ စတင် တာဝန်ယူစဉ်ကပင် စီးပွားရေးပိတ်ဆို့ခြင်း၊  ကုန်ပစ္စည်းများဈေးနှုန်းမြင့်တက်အောင် ဆောင် ရွက်ခြင်း၊ ငွေကြေးလည်ပတ်မှုအခက်အခဲဖြစ်အောင် ဆောင်ရွက်ခြင်းများဖြင့် နိုင်ငံရေး အခက်အခဲ အကြပ်အတည်းများဖြစ်အောင်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် ယင်းအခက်အခဲများ ကျော်လွှားနိုင်ခဲ့ကြောင်း၊ စားသောက်ကုန်များ ဈေးနှုန်း ကြီးမြင့်မှုမရှိစေရေးအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို တိုးတက်အောင်မြင် အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း စိုက်ပျိုးမွေးမြူရေး ဧရိယာများတိုးချဲ့ခြင်းထက် အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးမြေများကို အကျိုးရှိစွာ အသုံးချရန်လိုပြီး စိုက်ပျိုးမြေ များကို အပြည့်အဝအသုံးချရန်အတွက် ဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း အသား၊ ငါးနှင့် ဥများလုံလောက်စွာရရှိနိုင်ရေး မွေးမြူရေးလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်၍ အထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်ရန်လိုကြောင်း၊ အမှန်တကယ် အကျိုးရှိသည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြစ်စေလိုပြီး  ရန်ကုန်မြို့ နေ လူဦးရေ၏ စားရေးကိုအထောက်အကူပြုနိုင်ရမည်ဖြစ်ကြောင်း။      

        စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် အစာများနှင့် မြေဩဇာများလိုအပ် ကြောင်း၊ ဒေသတွင်းမှထွက်ရှိသည့် ကုန်ကြမ်းများဖြင့် တိရစ္ဆာန်အစာများနှင့် သဘာဝ မြေဩဇာများကို ထုတ်လုပ်နိုင်ရန်လိုကြောင်း၊ တိရစ္ဆာန်အစာများကိုထုတ်လုပ်ခြင်းဖြင့် ဒေသတွင်း အစာဈေးနှုန်းများကျဆင်းလာမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့တော်သို့ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အေးသာယာမှ ကြက်ဥများ၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ဘဲဥများကို များစွာတင်ပို့ရောင်းချလျက်ရှိကြောင်း၊ ထိုသို့ ပို့ဆောင်သဖြင့် ကျသင့်နိုင်သည့် သယ်ယူပို့ဆောင်ခများထက် ရောင်းချသည့် ဈေးနှုန်း များမှာ များစွာကွာခြားလျက်ရှိပြီး ပိုမိုဈေးတင်ထားသည်ကိုတွေ့ရှိရကြောင်း၊  ထိုသို့ ဝိသမလောဘသားများအနေဖြင့် စားသုံးကုန်ဈေးနှုန်းများကို ထိုက်သင့်သည့်ဈေး ထက် ပိုမိုဈေးတင်ရောင်းချနေမှုအပေါ် တာဝန်ရှိသူများအနေဖြင့် စိစစ်ရန်လိုကြောင်း၊ အဓိကအားဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိပြည်သူများ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်မခံရ စေရေး ဒေသအတွင်းရှိ ကုန်ထုတ်လုပ်စွမ်းအားဖြင့်ဆောင်ရွက်ရန်နှင့် ပြင်ပမှတင်သွင်း မှုများကို သက်သာသောဈေးနှုန်းများဖြင့် ရရှိရေးဆောင်ရွက်ရန်လိုကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ပြည်သူများစားရေးအတွက် တိုင်းဒေသကြီးအစိုးရမှ ဆောင်ရွက်ရန်လို သကဲ့သို့ တပ်မတော်မှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းများဖြစ်စေရေး ကြပ်မတ် ဆောင်ရွက်ရန် လိုကြောင်းဖြင့် မှာကြားသည်။      

လှည့်လည်ကြည့်ရှုစစ်ဆေး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သီလဝါဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်တွင် မွေးမြူထားရှိသည့် ငါးအမျိုးအစားနမူနာပြသထားရှိမှုများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဘဲဥ၊ ထိုင်ဝမ်သင်္ဘော၊ နို့ထွက်ပစ္စည်းများ၊ ခင်းကျင်းပြသထားမှုများကို ကြည့်ရှုသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အဖွဲ့ဝင်များသည် မွေးမြူရေးဇုန်အတွင်းရှိ ငါးသားဖောက်လုပ်ငန်း ဆောင်ရွက် နေမှု၊ ငါးမွေးမြူထားရှိမှုနှင့် ဘဲမွေးမြူထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး နောက် ခင်းကျင်းပြသထားသည့် ငါးမွေးမြူရေးလုပ်ငန်းအဆင့်ဆင့်ကို ကြည့်ရှု၍ တာဝန်ရှိသူများနှင့် ကုန်ထုတ်လုပ်မှုများနှင့် ရန်ကုန်မြို့တော်စားရေရိက္ခာဖူလုံမှု ရှိစေရး သုံးသပ်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။