ရန်ကုန်မြို့ရှိ သီရိမင်္ဂလာဈေးသို့ ယခု ရက်ပိုင်းတွင် မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံမှ သစ်ခွများဝင်ရောက်ပြီး အရောင်းအဝယ် ကောင်းနေကြောင်း သီရိမင်္ဂလာဈေး တာဝန်ခံ ဦးအောင်လင်းဦး၏ ပြောဆိုချက် အရ သိရသည်။
''ထိုင်းနိုင်ငံကဝင်တဲ့ သစ်ခွတွေလည်း အရောင်းအဝယ် ကောင်းတယ်။ ပြည်တွင်းက စိုက်ပျိုးတဲ့ပန်းတွေလည်း အရောင်းအဝယ် ကောင်းပါတယ်''ဟု ဦးအောင်လင်းဦး ကပြောသည်။
ပြည်တွင်း၌စိုက်ပျိုးသည့် ရာသီပေါ်ပန်းများ ဖြစ်သော ဂန္ဓမာပန်း၊ မေမြို့ပန်း၊ သစ္စာပန်းနှင့် သစ်ခွပန်းများ ဈေးကွက်အတွင်း ဝင်ရောက်နေပြီး ပြည်တွင်းသစ်ခွများကို ဖောက်သည်များက ခြံများအရောက် လာရောက်ဝယ်ယူမှုများ ရှိကြောင်း သိရသည်။
''စိုက်ပျိုးထားတဲ့ပန်းတွေကို ဖောက်သည်ယူပြီး တစ်ဆင့်ပြန်ရောင်းကြတယ်။ အခုနောက်ပိုင်းတော့ ပြန်စိုက်ဖို့ ဝယ်ကြတာများလာတယ်''ဟု သစ်ခွစိုက်ပျိုးသူ ဒေါ်ကေသီကပြောသည်။
ပြည်တွင်း၌ သစ်ခွပန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အနှံ့အပြား၌ စိုက်ပျိုးလေ့ရှိပြီး ယခုနောက်ပိုင်းတွင် ပြန်လည်စိုက်ပျိုးသူများ ပိုမိုများပြားလာသည်။
ပြည်တွင်း၌ စိုက်ပျိုးသည့် သစ်ခွမျိုးများဖြစ်သော မိုးကြိုပန်း၊ ကျားမင်းသား၊ ရွှေဆိုင်၊ ကြယ်ဒန်းစင်း၊ ပန်းသက်ရှည်၊ ခါးမောက်ကြိုး၊ မြင်းကျားသစ်ခွ၊ ဝက်ဝံသစ်ခွ၊ ချိုချဉ်သစ်ခွ၊ တောင်ကရမက်၊ မိုးလုံးမှိုင်း စသည့်သစ်ခွမျိုးများမှာ တစ်ပင်လျှင် ငွေကျပ် ၃ဝဝဝ မှ ၄ဝဝဝ အထိ ဈေးနှုန်းရှိကြောင်း သိရသည်။