ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင် ထားသူများနှင့် ကွင်းဆက်များအား ဖော်ထုတ်ဖမ်းဆီး

ရန်ကုန်  နိုဝင်ဘာ  ၂၇

ရန်ကုန်မြို့  ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက် ကိုင်ဆောင်ထားသူများနှင့်ကွင်းဆက်များအား ဖော်ထုတ်ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သတင်းထုတ်ပြန်ချက်၌ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် လူအုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားမည်ဟု သတင်းရရှိသဖြင့်   မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက သတင်းရရှိသည့် နေရာတစ်ဝိုက် စောင့်ကြည့် ဆောင်ရွက်နေစဉ် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် (၆၆)ရပ်ကွက် ဧရာဝဏ်လမ်းဘေးတွင် မော်တော်ယာဉ် တစ်စီးနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် (၆၆)ရပ်ကွက်နေသူများဖြစ်သည့် မြရွှေ ၆၁ နှစ်၊ မျိုးကိုကို ၂၈ နှစ်နှင့်  ဖြိုးသူအောင်  ၂၉ နှစ်တို့သုံးဦးအား မသင်္ကာဖွယ်တွေ့ရှိ စစ်ဆေးရှာဖွေခဲ့ရာ ဖြိုးသူအောင် လွယ်ထားသော လွယ်အိတ်အတွင်းမှ ၉ မမ ပစ္စတိုသေနတ် တစ်လက်၊ ကျည်အိမ် တစ်ခု၊ ၎င်းကျည် ၁၀ တောင့်၊ မျိုးကိုကို လွယ်ထားသော လွယ်အိတ်အတွင်းမှ   ပွိုင့် ၂၂ ပစ္စတိုသေနတ်တစ်လက်၊  ကျည်အိမ်တစ်ခု၊ ၎င်းကျည် ၁၂ တောင့်နှင့်   ဓားဦးချွန် တစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ  ၎င်းင်းတို့သုံးဦးသည် လောင်းကစားပြုလုပ်ကြသူများ ဖြစ်ပြီး နယ်မြေဒေသအသီးသီးသို့  လှည့်လည်၍ လောင်းကစားပြုလုပ်ကြကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)   မြို့နယ်(၂၀)ရပ်ကွက်နေ အမျိုးသားတစ်ဦးမှ ၎င်း၏သားဖြစ်သူ အရိုက်ခံခဲ့ရသဖြင့် လာရောက်ခြိမ်းခြောက် ကြိမ်းမောင်း ပြောဆိုခဲ့သည်ကို မကျေနပ်သောကြောင့် ခိုက်ရန်ပြုရန်အတွက် သေနတ်များ သိုဝှက်ယူဆောင်၍ တစ်ဖက်အဖွဲ့အားစောင့်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသဖြင့်    ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့သည်။

အဆိုပါကိစ်္စနှင့်ပတ်သက်၍ ဆက်စပ် တရားခံတစ်ဦးအား ဆက်လက်ဖော်ထုတ်ခဲ့ရာ သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာနေ အိမ်ခြံဝင်းတစ်ခုမှ Gas  ဖြင့် ပစ်ခတ်ရသည့် သေနတ်အရှည်ရှစ်လက်၊ အတို လေးလက်နှင့် ထည့်သွင်းအသုံးပြုရသော ဘောစေ့များ၊ ဒူးလေးတစ်လက်၊ သေနတ်တွင် တပ်ဆင်သည့် Gas အိုးငယ် ၁၁ ခု၊Gas ဖြည့်ဘူး ခုနစ်ဘူး၊ စနိုက်ပါမှန်ပြောင်း သုံးခု၊    ကင်ဒိုဓားတစ်ချောင်း   ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်  လုံခြုံရေး၊ရပ်ရွာအေးချမ်း သာယာရေးနှင့်   တရားဥပဒေစိုးမိုးရေး အတွက် ဥပဒေမဲ့ လက်နက် ကိုင်ဆောင်ခြင်းများကို ဆက်လက်ဖော်ထုတ် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။