နေပြည်တော် အောက်တိုဘာ ၁ဝ
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး လှည်းကူးမြို့နယ် အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းအပိုင်၌ အောက်တိုဘာ၉ ရက် မွန်းလွဲပိုင်းတွင် ကုန်ပစ္စည်းများတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး ဘီးပေါက်၍ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁/၁)အနီး၌ နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်းဝင်းကိုဦး ပဲခူးမြို့နေသူ မောင်းနှင်လာသောယာဉ်အမှတ့် YGN-3K/-----Hyundai Starex ခဲရောင်ယာဉ်သည် ကုန်မျိုးစုံ တင်ဆောင်မောင်းနှင်လာစဉ် ယာဘက် နောက်ဘီးပေါက်ပြီး လမ်း၏ ယာဘက်ခြမ်းတွင် ကာရံထားသော ဘာရီယာတုံးအား တိုက်မိ တိမ်းမှောက်ခဲ့သည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းဆောက်လုပ်ရေး (ပြင်/ထိန်း)မှ အဖွဲ့ဝင်များ သွားရောက်စစ်ဆေးရာ ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသားနှစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ မော်တော်ယာဉ်မှာ ခန့်မှန်းတန်ဖိုးငွေကျပ် ငါးသိန်းခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားမဆင်မခြင်ပေါ့လျော့စွာ မောင်းနှင်သူ ယာဉ်မောင်း ဝင်းကိုဦးအား အမှတ်(၃)လမ်းဆုံ အမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ)၂၇/၂ဝ၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။