အောက်တိုဘာ ၁ဝ ရက် နံနက်ပိုင်းတွင် ကစားခဲ့သည့် ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲ၌ ဥရုဂွေးအသင်းသည် ချီလီအသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် ကပ်၍ အနိုင်ရခဲ့ရာ ထိုပွဲတွင်လည်း VAR စနစ်ဖြင့် ဒိုင်လူကြီး ဆုံးဖြတ်ချက်များကို ချီလီလက်ရွေးစင်ဟောင်းများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
ထိုပွဲတွင် ပထမပိုင်းမပြီးခင်၌ ဥရုဂွေးအသင်းသည် ပယ်နယ်တီ ရရှိခဲ့ပြီး ဆွာရက်ဇ်ကသွင်းယူခဲ့ရာ ထိုဖြစ်စဉ်တွင် ဘောလုံးသည် ချီလီကစားသမား ဆီးဗက်စတီယန်ဗားဂတ်စ် ခန္ဓာကိုယ်နှင့် ဦးစွာထိပြီးမှ ဘောလုံးတားဆီးစဉ် လက်မောင်း အား လာပြန်ထိခြင်းကို ကွင်းလယ်ဒိုင်လူကြီးက VAR စနစ်ကြည့်ပြီးမှ ဂိုးပေးခဲ့ခြင်းဖြစ်သည်။
ဒုတိယပိုင်းအစောပိုင်းတွင် ချီလီအသင်းအတွက် ဆန်းချက်ဇ်က ချေပဂိုးသွင်းခဲ့ပြီး ပွဲပြီးခါနီး နာကျင် အချိန်ပိုအရောက် ဥရုဂွေးအတွက် လူစားဝင် ကစားသမား မက်ဇီဂိုမက်ဇ်က အနိုင် ဂိုးသွင်းခဲ့သဖြင့် ဥရုဂွေးအသင်း အနိုင်ရသွားခဲ့သည်။ ထိုပွဲတွင် ချီလီအသင်းဘက်မှ ရသင့်သော ပယ်နယ်တီများမရရှိသဖြင့် ချီလီကစားသမားများ ဒေါသထွက်ခဲ့ပြီး ပွဲသိမ်းခရာမှုတ်ခါနီးတွင် ဥရုဂွေးအသင်းဘက်မှ ဂိုးစည်းအတွင်း လက်ထိခြင်းကို ပယ်နယ်တီမပေးခဲ့၍ ချီလီပရော်ဖက်ရှင်နယ် ဘောလုံးသမား များအဖွဲ့ချုပ်က တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်ထံ တရား ဝင်ကန့်ကွက်စာ ရေးသားပေးပို့မည်ဖြစ်ကြောင်း သိရသည်။
ချီလီလက်ရွေးစင်ကစားသမား ဂါရေးမီဒယ်က ''ကျွန်တော် ဘာမှကို မပြောချင်တော့ဘူး။ ပြောမိရင်လည်း တောင်အမေရိက ဘောလုံးအဖွဲ့ချုပ်က ကျွန်တော့်ကို ပြဿနာရှာဦးမယ်။ စိတ်ပျက်စရာပဲ'' ဟု တွစ်တာ၌ ရေးတင်ခဲ့သည်။ ချီလီနိုင်ငံ ၏ နာမည်ကြီး ဂန္ထဝင် တိုက်စစ်မှူးဟောင်း ဇာမိုရာနိုကလည်း ''တောင်အမေရိက ဘောလုံးလောကမှာ မမျှတမှုတွေကို ခွင့်ပြုပေးနေတာ ဘယ်လောက်ကြာနေပြီလဲ'' ဟု ဝေဖန်ခဲ့သည်။