ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ ပဥ္မအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်   အောက်တိုဘာ  ၉

ရာဇဝတ်မှုဆိုင်ရာစုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများဆောင်ရွက်ရေးအဖွဲ့၏ ပဥ္မအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့်  တရားစွဲဆိုခြင်းများဆောင်ရွက်ရေး အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ်  ဦးထွန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ပဥ္မအကြိမ် အစည်းအဝေးသည် COVID-19 ကူးစက်ပျံ့နှံ့မှုကြောင့် ပုံမှန်ကျင်းပရမည့် အချိန်ထက်နှောင့်နှေးမှု ရှိခဲ့ကြောင်း၊  သို့သော် လစဉ်လုပ်ငန်းဆောင်ရွက်မှု၊ တိုးတက်မှု၊ တင်ပြမှုများနှင့်စပ်လျဉ်း၍ ပူးပေါင်းစုံစမ်းအရေးယူ ဆောင်ရွက်ရေးအဖွဲ့  (Task  Force)နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့အကြား အဆက်အသွယ်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း၊ စတုတ္ထအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အညီ  သတ်မှတ်ကာလအတွင်း ဦးစားပေးအမှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး တရားစွဲတင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အခင်းဖြစ်ကျေးရွာများသို့ သွားရောက်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရွာသားများ၊ သက်သေများကို စုံစမ်းစစ်ဆေးခြင်းတို့က ိုဆောင်ရွက်ခဲ့ကြောင်း၊ တရားခံများစုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း၊  တချို့တရားခံများ  စုံစမ်းဖော်ထုတ်နိုင်သော်လည်း   တရားခံပြေးများ ဖြစ်လျက်ရှိကြောင်း၊ အဖွဲ့အနေဖြင့် တရားခံများ စုံစမ်းဖော်ထုတ်နိုင်ရေးနှင့်တရားရုံးသို့ တရားစွဲဆိုတင်ပို့နိုင်ရေး ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်(ICOE)၏ အစီရင်ခံစာပါ ပြစ်မှုများအား စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး   ပြစ်မှုကျူးလွန်သူများကို တရားစွဲဆိုတင်ပို့ခြင်းဖြင့်  တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေး၏ ထိရောက်သောကုစားမှုများ ဆောင်ရွက်ပေးနိုင်မည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

အဆိုပါ အစည်းအဝေးသို့   ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့  ဒုတိယဥက္ကဋ္ဌ၊  အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။