ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုမှ တရားခံ အမျိုးသမီး ၁ ဦးနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၃၀
 နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ ပျဉ်းမနားမြို့၌ ဧပြီလ ၃၀ ရက်နေ့က ရာဇသတ်ကြီး ၅၀၅-က အမှုမှ တရားခံအမျိုးသမီး ၁ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 ဖြစ်စဉ်မှာ ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် ပျဉ်းမနားမြို့မရဲစခန်း (ပ)၁၃၉/ ၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုမှ တရားခံ ယောက်သွားအင်း ကျေးရွာနေ မလွင်မာစိုး (၂၅)နှစ်သည် ၎င်း၏ နေအိမ်တွင် ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက် ရှာဖွေရာ ၎င်းနေအိမ်၌ တရားခံ မလွင်မာစိုးအား ဖမ်းဆီးရမိခဲ့ပါသည်။ ၎င်းသည် လူမှုကွန်ရက် စာမျက်နှာ၌ Soe Lwin Mar  အကောင့်ဖြင့် လူစုလူဝေးဖြစ်ပေါ်စေရန် စည်းရုံးလှုံ့ဆော်ခြင်း၊ အစိုးရ ဝန်ထမ်းများအား ပြစ်မှုကျူးလွန်စေရန် ကြံရွယ်ဆောင်ရွက်ခြင်း စသည်တို့အား ရေးသားဖော်ပြခဲ့သောကြောင့် အမှုဖွင့် အရေးယူ ထားရှိခြင်းဖြစ်ကြောင်း သိရှိရသည်။
  အလားတူ ဧပြီ ၂၉ ရက်တွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်၍ လူမူကွန်ယက် စာမျက်နှာပေါ်တွင် လှုံ့ဆော်စာများ  ရေးသားခြင်း၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့သော မယွန်းမီမီကျော် (ဘ)ဦးတင်မောင် အား ၎င်းနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်(၁)လမ်း၊ မြို့ဟောင်း(၂)လမ်း၊ အမှတ်(၈၇၄ ) A/B ၌ လည်းကောင်း၊ အများပြည်သူများ စိတ်အနှောင့်အယှက် ဖြစ်စေရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား နှောင့်ယှက်ရန် ရည်ရွယ်၍ ညစဉ်သံပုံးတီးရန် ဦးဆောင် နှိုးဆော်သူ ကျော်သက်အောင်(ဘ)ဦးစန်းအောင် အား ၎င်းနေထိုင်ရာ စမ်းချောင်းမြို့နယ်၊ ကျွန်းတော တောင်ရပ်ကွက်၊ ဇဗ္ဗူရစ်လမ်း၊ အမှတ်(၁၈) (၅)လွှာ၌ လည်းကောင်း အသီးသီး ဖမ်းဆီးထိန်းသိမ်းရမိခဲ့ပြီး သက်ဆိုင်ရာ ရဲစခန်းများ၌ အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။