ရီးယဲလ်မက်ဒရစ်အသင်းနှင့် မန်စီးတီးအသင်းတို့ အိမ်ကွင်း၌ ပြိုင်ဘက်များကို နိုင်ပွဲအသီးသီးရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်ရန် အခွင့်အရေးကောင်းများရယူထား

မက်ဒရစ်၊ ဘောလုံး

ချန်ပီယံလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များအဖြစ် ဧပြီ ၇ ရက် နံနက်ပိုင်းက ရီးယဲလ်မက်ဒရစ်အသင်းနှင့် လီဗာပူးအသင်း၊ မန်စီးတီးအသင်းနှင့် ဒေါ့မွန်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ရီးယဲလ်မက်ဒရစ်အသင်းနှင့်  မန်စီးတီးအသင်းတို့ နိုင်ပွဲအသီးသီးရရှိပြီး ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အခွင့်အရေးကောင်းများ ရယူထားကြောင်း သိရသည်။

၂၀၁၈ ခုနှစ်က ဗိုလ်လုပွဲတွင်တွေ့ဆုံခဲ့သည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် လီဗာပူးအသင်းတို့ပွဲစဉ်၌ ရီးယဲလ် မက်ဒရစ်အသင်းကပင် ဂိုးပေါက်ခြိမ်းခြောက်မှုအသာစီးဖြင့် ဖိအားပေးကစားနိုင်ခဲ့သည်။ ယင်းပွဲစဉ်တွင်  လီဗာပူးအသင်းအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းမှ လူငယ်တိုက်စစ်မှူး ဗင်နီစီးယက်ကို ထိန်းချုပ်ရန် ခက်ခဲခဲ့ပြီး ပွဲချိန် ၂၇ မိနစ်တွင် ဗင်နီစီးယက်နှင့် ပွဲချိန် ၃၆ မိနစ်တွင် အဆန်စီယိုတို့က   ရီးယဲလ်မက်ဒရစ် အသင်းအတွက် ဂိုးများ သွင်းယူနိုင်ခဲ့ကာ ပထမပိုင်းပြီးဆုံးချိန်တွင် နှစ်ဂိုးပြတ်ဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် လီဗာပူးအသင်းက ချေပဂိုးအတွက် ပြန်လည်ဖိအားပေးခဲ့ရာမှ ပွဲချိန် ၅၁ မိနစ်တွင် ဆာလက်ချ်က ချေပဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ပွဲချိန် ၆၅ မိနစ်တွင် ဗင်နီစီးယက်က ရီးယဲလ်မက်ဒရစ်အသင်းအတွက် တတိယမြောက် ဂိုးသွင်းယူနိုင်ခဲ့၍ ပွဲပြီးဆုံးချိန်တွင် ၃ ဂိုး-၁ ဂိုးဖြင့်  အနိုင် ရရှိခဲ့ကာ  အဆိုပါပွဲစဉ်အတွက် အကောင်းဆုံး ကစားသမားဆုကိုလည်း ဗင်နီစီးယက်ကရရှိခဲ့သည်။

အလားတူ ချန်ပီယံဆုအတွက် ရေပန်းအစားဆုံး အသင်းအဖြစ် ရပ်တည်နေသည့်  မန်စီးတီးအသင်းသည် လည်း အိမ်ကွင်း၌ ဒေါ့မွန်အသင်းကို ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ပွဲချိန် ၁၉ မိနစ်တွင် ဒီဘရိုင်းက မန်စီးတီးအသင်းအတွက်  ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ကာ ပထမပိုင်းပြီးဆုံးချိန်တွင် မန်စီးတီး အသင်းက ၁ ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် အိမ်ရှင်အသင်းကပင် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ဒေါ့မွန်အသင်း၏ တန်ပြန်တိုက်စစ်ကြောင့် အခက်တွေ့ခဲ့ပြီး ပွဲချိန် ၈၄ မိနစ်တွင် ဟာလန်း၏ ဖန်တီးပေးမှုမှတစ်ဆင့်  မားကို့စ်ရူးစ်က  ချေပဂိုးသွင်းယူနိုင်ခဲ့သည်။ သရေရလဒ်ကြောင့် မန်စီးတီးအသင်းက ပြန်လည်ဖိအားပေး ကစားရာမှ ပွဲပြီးဆုံးခါနီး မိနစ် ၉၀ တွင် လူငယ်တိုက်စစ်ကစားသမား ဖိုဒန်က အသင်းအတွက် အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့ကာ အဆိုပါပွဲစဉ်၏ အကောင်းဆုံးကစားသမားဆုကို ဒီဘရိုင်းက ဆွတ်ခူး နိုင်ခဲ့သည်။

ဒုတိယအကျော့ပွဲစဉ်များအဖြစ် ဧပြီ ၁၅ ရက်တွင် လီဗာပူးအသင်းနှင့် ရီးယဲလ်မက်ဒရစ်အသင်း၊ ဒေါ့မွန် အသင်းနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။       

Ref;UEFA.Com