ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games-2022 ပြိုင်ပွဲဝင် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games-2022 ပြိုင်ပွဲဝင် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ စက်တင်ဘာ - ၁

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပပြုလုပ်သည့် International Army Games-2022 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော မြန်မာ့တပ်မတော် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာရာ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများ၊ အရာရှိ/စစ်သည်၊ မိသားစုများက လေဆိပ်တွင် သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။
အဆိုပါ International Army Games-2022 ကို နိုင်ငံပေါင်း ၃၇ နိုင်ငံမှ ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ရုရှားနိုင်ငံအပါအဝင် ၁၂ နိုင်ငံ၌ ပြိုင်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့တပ်မတော်အနေဖြင့် တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့ စွမ်းရည် ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်းပြိုင်ပွဲ၊ ရိုးရာယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ၊ Emergency Area ပြိုင်ပွဲ၊ တတိယအကြိမ်မြောက် နိုင်ငံတကာဗိုလ်လောင်းများအားကစားပြိုင်ပွဲ ( 3rd CISM World Cadet Games)များကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ထိုသို့ ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့ဝင်များသည် တင့်ကား မောင်းနှင်ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2)၌ ပြိုင်ပွဲဝင်အသင်း ၁၁ သင်းတွင် အဆင့် ၁ နေရာ၌လည်းကောင်း၊ ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၆ သင်း အနက် အဆင့် ၄ နေရာတွင်လည်းကောင်း၊ လက်ဖြောင့်သေနတ်ပစ်ခတ်ခြင်း ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၇ သင်းအနက် အဆင့် ၄ နေရာတွင်လည်းကောင်း၊ ရိုးရာယဉ်ကျေးမှု ဆိုင်ရာပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၁၇ သင်းအနက် အဆင့် ၇ နေရာတွင်လည်းကောင်း၊ Emergency Area ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နိုင်ငံ ၆ နိုင်ငံအနက် အဆင့် ၄ နေရာတွင် လည်းကောင်း၊ တတိယကြိမ်မြောက် နိုင်ငံတကာ ဗိုလ်လောင်းများအားကစားပြိုင်ပွဲ ( 3rd CISM World Cadet Games)တွင် ပြိုင်ပွဲဝင် နိုင်ငံပေါင်း ၂၀ နိုင်ငံအနက် နိုင်ငံအလိုက် အဆင့် ၈ နေရာတွင်လည်းကောင်း အသီးသီး ရပ်တည်နိုင်ခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ကြ သည်။
မြန်မာတပ်မတော် တပ်ဖွဲ့ဝင်များအနေဖြင့် အဆိုပါ International Army Games ပြိုင်ပွဲများတွင် နိုင်ငံတကာစစ်ဘက်အဖွဲ့အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု အတွေ့အကြုံ များ၊ နည်းပညာပိုင်းဆိုင်ရာ အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်းနှင့် လာမည့်နှစ်များတွင်လည်း ဆက်လက်ပါဝင် ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။