ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် ကိုယ်စားလှယ်အဖွဲ့များ မော်စကိုမြို့ရှိ အထင်ကရနေရာများသို့ သွားရောက်ကြည့်ရှုလေ့လာ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် ဇွန် - ၂၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာကြသည့် ကိုယ်စားလှယ်အဖွဲ့များ သည် ယနေ့တွင် မော်စကိုမြို့ရှိ အထင်ကရနေရာများ၊ ဘာသာရေးဆိုင်ရာ အဆောက် အဦများ၊ လျှပ်စစ်နှင့်စွမ်းအင်ပြတိုက်နှင့် MGIMO ကျောင်းတို့သို့ သွားရောက်ကြည့်ရှု လေ့လာကြပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးကြသည်။

ထိုသို့ လေ့လာရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာ မောင်မောင်နိုင် ဦးဆောင်သော အဖွဲ့သည် မော်စကိုလျှပ်စစ်နှင့် စွမ်းအင်ပြတိုက်သို့ သွားရောက်လေ့လာပြီး မော်စကို မြို့တော်ဝန်နှင့် တွေ့ဆုံကာ မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမြင်ခြင်းဖလှယ် ဆွေးနွေးကြသည်။

အလားတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသန်းအောင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှား-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် လည်းကောင်း၊ စိန့်ပီတာစဘတ် မြို့တော်ဝန်ရုံးခွဲ (မော်စကို)မှ ပြည်ပ ဆက်ဆံရေးကော်မတီနှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်‌ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် မော်စကိုမြို့တော်ဝန်နှင့်တွေ့ဆုံပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ဆေးပညာ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ထူးချွန်ဆုရ အရာရှိများအဖွဲ့သည် မော်စကိုမြို့ရှိ Patriotic Park နှင့် ရုရှားတပ်မတော်၏ ပင်မဘုရားရှိခိုးကျောင်းသို့ 
လည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ကိုယ်စားလှယ်အဖွဲ့သည် မော်စကို သာသနာပိုင် မဟာယနဗုဒ္ဓ ဘုန်းတော်ကြီးကျောင်းသို့လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ် အဖွဲ့သည် MGIMO တက္ကသိုလ်သို့လည်းကောင်း သွားရောက်လေ့လာကြရာ တာဝန်ရှိ သူများက လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။