ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

 

ယမန်နေ့မှအဆက်

ကမ္ဘာပေါ်တွင် ရေလှောင်ကန်၊ ရေလှောင်တမံကြီးများကို ပထမကမ္ဘာစစ်အပြီး ၁၉၁၈ ခုနှစ်မှစတင်၍ အလုံးအရင်းဖြင့် တည်ဆောက်ခဲ့ကြသည်။ ၎င်းတို့သည် ပြည်သူ့အကျိုးစီးပွားကို မြှင့်တင်ပေးခဲ့သည်။ သို့သော်မြန်မာနိုင်ငံသို့ ကျူးကျော်သိမ်းပိုက်ခဲ့သည့် ကိုလိုနီနယ်ချဲ့တို့သည် ရေချိုရရှိရေး ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ မိမိတို့နိုင်ငံတွင် မပြုလုပ်ခဲ့ကြပါ။

ဆူလွယ်နပ်လွယ်၊ ရေနံတူးဖော်ထုတ်လုပ်ခြင်း၊ သစ်ခုတ်ခြင်း၊ ကျောက်သံပတ္တမြားတူးဖော်ခြင်း  အစရှိသည့်  အချိန်တိုအတွင်း  အကျိုးကျေးဇူး များများရစေမည့် အလုပ်များကိုသာ  လုပ်ဆောင်ခဲ့ကြသည်။  နယ်ချဲ့တို့နှစ် ၁၀၀ ကျော် အုပ်ချုပ်မင်းလုပ်သွားခဲ့သော ကာလအတွင်းတွင် ဖြစ်နိုင်ခြေရှိသော ရေအရင်းအမြစ်များကို စူးစမ်းလေ့လာ၍ အစီရင်ခံစာ တစ်စောင်ကို လျှို့ဝှက်ရေးသားထားခဲ့သော်လည်း ဗြိတိသျှများစစ်ပြေးသည့်အခါ တစ်ပါတည်းယူသွားခဲ့ကြသည်။

ခေတ်အလိုက်ဆောင်ရွက်ခဲ့ကြသော ပြန်လည်ပြည့်ဖြိုးမြဲ ရေချိုအသုံးပြုနိုင်ရေး လုပ်ငန်းကြီးများနှင့် အကျိုးပြုပမာဏများကို လေ့လာကြည့်ပါမည်။

ရှေးမြန်မာမင်းများလက်ထက် ပြန်လည်ပြည့်ဖြိုးမြဲရေအသုံးချမှုများ

ရှေးမြန်မာမင်းများလက်ထက် ဆောင်ရွက်ခဲ့သော ရေရရှိရေးလုပ်ငန်း ကြီးများကို အောက်ပါအတိုင်း တွေ့ရသည်။

ရှေးမြန်မာမင်းများကြိုးပမ်းခဲ့သည် ဆည်၊ ရေလွှဲဆည်နှင့်ရေချိုရရှိရေး လုပ်ငန်းများ

စဉ်   လုပ်ငန်းအမည်        တည်နေရာ    ရေလှောင်ပမာဏ အကျိုးပြုဧရိယာ

                               (မြို့)      (ဧကပေ)    (ဧက)

၁။  မဟာနန္ဒာကန်          ရွှေဘို         ၁၁၁၂        ၉၃၆၉

၂။  မိတ္ထီလာကန်           ဝမ်းတွင်း၊ သာစည်     ၁၁၆၆၀       ၄၅၇၇၆

၃။  ညောင်ရမ်းမင်းလှကန်  သာစည်                ၁၉၁၀၄           ၂၇၄၅၅

၄။  တောင်ကန်ကျောက်    ပုသိမ်ကြီး၊ မတ္တရာ  ၁၆၆၈             ၃၇၉၇

     ဆည်ကန်

၅။  မူးတူမြောင်းဟောင်း    ခင်ဦး          -           ၁၀၁၃၁

၆။  အိုင်းမရေလွှဲဆည်      စကု၊ ပွင့်ဖြူ         -      ၂၅၅၀၀

၇။  မဲဇလီရေလွှဲဆည်       စကု၊ ပွင့်ဖြူ၊ စလင်း          -           ၉၆၇၇၇

၈။  လင်းဇင်းရေလွှဲဆည်    ပွင့်ဖြူ၊ စလင်း             -      ၂၈၄၃၁

၉။  ဇော်ဂျီမြစ်အသုံးချရေး  ကျောက်ဆည်၊ စဉ့်ကိုင် -             ၉၃၄၆၈

     လုပ်ငန်းများ

၁၀။ ပန်းလောင်မြစ်အသုံး   ကျောက်ဆည်၊ မြစ်သား-              ၈၆၃၀၀

     ချရေးလုပ်ငန်းများ

မြန်မာမင်းများသည် စွမ်းနိုင်သမျှ အပူပိုင်းဒေသများ သောက်သုံးရေရရှိရေးနှင့် စားဝတ်နေရေး အဆင်ပြေစေရေးကို အားထည့် ဆောင်ရွက်ခဲ့ကြသည်။ အဆိုပါ ဒေသများမှာ တခြားသော ရေရှားဒေသများထက်များစွာ ဖွံ့ဖြိုးတိုးတက်နေသည်ကို ယနေ့ထိတွေ့ရပေမည်။  ဤကာလအတွင်း အဓိကလုပ်ငန်းကြီးများ ဆောင်ရွက်ခဲ့ရာတွင် အကျိုးပြုဧရိယာ အနည်းဆုံးဧက ၃၈၅၀၀၀ ခန့်ထိ ရှိခဲ့သည်။

ကိုလိုနီနယ်ချဲ့လက်ထက် ရေရရှိရေးစီမံမှု

မြန်မာနိုင်ငံအောက်ပိုင်းကို  ၁၈၂၄  ခုနှစ်မှစ၍  ကိုလိုနီနယ်ချဲ့တို့ သိမ်းပိုက်သည်မှ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည့်အချိန်ထိ နှစ်ပေါင်း ၁၂၀ ကျော်အတွင်းဆောင်ရွက်ခဲ့သည့်လုပ်ငန်းများကို ဖော်ပြပါမည်။

ကိုလိုနီခေတ် ရေရရှိရေးဆောင်ရွက်မှုများ

စဉ်   လုပ်ငန်းအမည်                 တည်နေရာ ရေလှောင်ပမာဏ  အကျိုးပြုဧရိယာ

                                 (မြို့)             (ဧကပေ)      (ဧက)

၁။ ရေဦးတူးမြောင်း(ကာဘိုးဆည်) အရာတော်          -            ၁၂၈၉၀၀

၂။ ရွှေဘိုတူးမြောင်း             ရွှေဘို၊ ခင်ဦး၊       -           ၂၂၉၈၁၅

                              ဝက်လက်

၃။ ထုံးဘိုဆည်                  အမရပူရ၊ ပုသိမ်ကြီး -        ၂၆၉၈၄

၄။ အင်းယင်းဆည်              ဝမ်းတွင်း                 -       ၇၆၃၆

၅။ ကျောက်ဆည်ကန်            ရမည်းသင်း         ၆၂၅၀           ၇၉၇၇

၆။ ကန်နားကန်                 နွားထိုးကြီး               ၄၆၅၈         ၅၈၆၄

၇။ ယင်းတော်ကန်               ပျော်ဘွယ်               ၅၄၂            ၃၆၅၅

၈။ ဆင်အုံကန်                  လယ်ဝေး                  ၃၈၅၄         ၅၈၃၄         

ထိုကာလအတွင်း အပူပိုင်းဒေသတွင် ဆောင်ရွက်ခဲ့မှုများအနက် ထူးထူးခြားခြားမှတ်တမ်းတင်ရမည်မှာ ကာဘိုးရေလွှဲဆည်ပင်ဖြစ်ပါသည်။

မူးမြစ်ကိုဖြတ်၍ အလျား ၄၅၅ ပေ၊ အမြင့် ၈ ပေ ခန့်ရှိသောရေတား ရေကျော်တစ်ခုပြုလုပ်ခဲ့သည်။ ရေလွှဲရုံသာဖြစ်သည်။ ရေဦးတူးမြောင်းနှင့် ရွှေဘိုတူးမြောင်းဟူ၍ တူးမြောင်းမကြီးနှစ်ခုဖြင့် ရေပေးဝေရေး စီမံခဲ့သည်။ ဒေသအတွက် အကျိုးပြုဧကမှာ သုံးသိန်းခွဲကျော်ခဲ့သည်။

ဤကာလအတွင်း အဓိကလုပ်ငန်းကြီး ၈ ခု ဆောင်ရွက်ခဲ့ရာတွင် စုစုပေါင်းအကျိုးပြုဧရိယာ ဧက ၄ သိန်းခန့်ရှိခဲ့သည်။ မည်သည့်ရည်ရွယ်ချက်ဖြင့် တည်ဆောက်စေကာမူ ဆောင်ရွက်သွားသည့် ဆည်မြောင်း လုပ်ငန်းများ၏ ရေရှည်နှစ်ပေါင်းရာကျော်ထိ မပျက်မစီး ကြံ့ခိုင်ကောင်းမွန်နေခြင်းကိုမူ မှတ်တမ်းတင်သင့်သည်။

ရေအသုံးချမှုလုပ်ငန်းတစ်ခုဖြစ်သည့် ရေအားလျှပ်စစ်ထုတ်လုပ်မှု လုပ်ငန်းများအနက် ဘီလူးချောင်းစီမံကိန်း အမှတ် (၁)၊ အမှတ် (၂)၊ အမှတ် (၃) စုစုပေါင်းသုံးဆင့်နှင့် မိုးဗြဲဆည်တို့ကို မည်သို့ အကောင်အထည်ဖော်ထားသည်၊   မည်ကဲ့သို့   ပုံစံထုတ်ဆောင်ရွက်ထားသည် စသည်တို့မှာလည်း ဘာသာရပ်ဆိုင်ရာ ဆက်စပ်နေသူများ လေ့လာသင့်သည့်လုပ်ငန်း ဖြစ်သည်။

ရှေ့အခန်းများတွင် ဖော်ပြခဲ့သော ရန်ကုန်မြို့တော် ရေချိုလုံလောက်စွာ ရရှိရေး၊ ရရှိနိုင်မည့်အရင်းအမြစ်များကို မည်သို့မည်ပုံ ပြည်သူများလက်ထဲအရောက် ပို့ပေးမည်ဆိုသည့် လုပ်ငန်းစဉ်ကြီးကိုလည်း လေ့လာသင့်သည်။

အလားတူပင် တရုတ်နိုင်ငံ ပေကျင်းမြို့၊ တီယန်ကျန်းမြို့ အပါအဝင်မြောက်ပိုင်းနေ သန်းပေါင်းများစွာသော ပြည်သူများအတွက် မည်ကဲ့သို့ မြစ်ကြောင်းများမှ ရေလွှဲပြောင်းယူခဲ့သည်၊ အခက်အခဲများကို မည်သို့ ကျော်လွှား ခဲ့သည်ဆိုသော စီမံချက်များမှာလည်း လေးစားစရာပင်။ တရုတ်တို့ မည်ကဲ့သို့ နှစ် ၄၀ ခန့်အတွင်း ထိပ်တန်း ရောက်လာပါသနည်းဟုမေးလျှင် ခေါင်းဆောင်သူများနှင့် နောက်ပါများအပါအဝင် ပြည်သူများ ညီညွတ်၍ အောင်မြင်ခြင်းဖြစ်သည်မှာ ငြင်း၍မရပေ။

အဆိုပါ လုပ်ငန်းကြီးများတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ခွင့်ရသူများသည်လည်း နောင်တွင် မှန်ကန်သော ဦးဆောင်မှုပေးနိုင်သူ ခေါင်းဆောင်များ ဖြစ်လာကြသည်ကိုလည်း တွေ့ရသည်။

ကမ္ဘာ့အကြီးဆုံးတမံဟု ထင်ရှားခဲ့သည့် ယန်ဇီမြစ်ပေါ်မှ မြစ်ကျဉ်း သုံးသွယ်တမံ(Three Gorges Dam) တွင်ဦးဆောင်သူ စီမံကိန်းညွှန်ကြားရေးမှူးမှာ တရုတ်နိုင်ငံသားပညာရှင်ဖြစ်သည်။ သူ့နေရာနှင့်သူ အကြံပေးများ ခန့်ထားခြင်းမှာ တစ်ပိုင်းဖြစ်သည်။ နိုင်ငံခြားသားလက်ထဲသို့ ဝကွက်အပ်ပြီး ဆောင်ရွက်သွားခြင်း မဟုတ်သည်ကတော့ သေချာသည်။

အလားတူပင်  အမေရိကန်ပြည်ထောင်စု  လော့စ်အိန်ဂျလိစ်မြို့ ရေရရှိရေးအတွက် ကိုလိုရာဒိုမြစ်မှ ရေလွှဲယူခြင်း အပါအဝင် ကိုလံဘီယာမြစ်နှင့် လက်တက်မြစ်များပေါ်တွင် ရာချီသော ရေအသုံးချမှုစီမံကိန်းများ တည်ဆောက်စဉ်က စဉ်းစားဆောင်ရွက်ခဲ့မှုများကို လေ့လာပြီး အားနည်းချက်၊ အားသာချက်များကို စာတမ်းပြုစုရုံဖြင့် သေချာပေါက် ပါရဂူဘွဲ့ရရှိနိုင်သည်။

အမေရိကန်တွင် အဆိုပါဒေသများသည် ပူပြင်းခြောက်သွေ့သည်။ မြစ်များသည် နက်ရှိုင်းသောချောက်များကို ဖြတ်၍စီးဆင်းနေသည်။ မိုးရွာချိန် ရေစီးသန်ပြီး ဒုက္ခပေးတတ်သည်။ ဆီးနှင်းများလည်း ထူထပ်စွာ ကျရောက်တတ်သောဒေသဖြစ်သည်။   ၎င်းဒေသအပါအဝင် အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ် မိုးရွာသွန်းမှု ပျမ်းမျှ ၃၀ လက်မ (၇၅၀ မီလီမီတာခန့်)သာ ရွာသွန်းသည်။ မည်ကဲ့သို့ စီမံခဲ့ကြသနည်း၊ လေ့လာသင့်သည်။

သဲကန္တာရကြီးကိုပါ   စိမ်းလန်းသွားအောင်  ဆောင်ရွက်နေသော အစ္စရေး၏ စိုက်ပျိုးရေး၊ ရေချွေတာရေး၊ စိမ်းလန်းစိုပြည်ရေး အားလုံးမှာလည်း မိမိတို့အတွက် လက်တစ်ကမ်းမှ သင်ခန်းစာများပင်ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း အလားတူပင် ကြီးမားသော ရေလှောင်တမံနှင့်   ရေသွယ်မြောင်းလုပ်ငန်းကြီးများ၏  အစဖြစ်သော  ကင်းတား၊ ဆည်တော်ကြီး၊ သဖန်းဆိပ်၊ ကြီးအုံကြီးဝ၊ ခပေါင်းချောင်း၊ ဖြူးချောင်း၊ ပေါင်းလောင်း အစရှိသည့် ဆည်မြောင်းလုပ်ငန်းကြီးတစ်ခုချင်းစီတွင်လည်း ပညာရပ်များစုံလင်လှသည်။

အလားတူပင်   ရေအားလျှပ်စစ်ကဏ္ဍတွင်လည်း  ဘီလူးချောင်းစီမံကိန်းများ၊ မိုးဗြဲဆည်၊ ရဲရွာ၊ ကွန်းချောင်း၊ ဖြူးချောင်း၊ ရွှေကျင်ချောင်း၊ ခပေါင်းချောင်း၊ သူဌေးချောင်း၊ ကျိုင်းတောင်း၊ ပေါင်းလောင်း၊ အထက်ပေါင်းလောင်း၊ ဇောင်းတူ အစရှိသည့် ရေအားလျှပ်စစ် စီမံကိန်းကြီးများတွင် သူ့နေရာနှင့် သူမတူကွဲပြားသည့် အတွေ့အကြုံများမှာ ပညာယူ၍ မကုန်နိုင်ခဲ့ပေ။

       ဆက်လက်ဖော်ပြပါမည်။