ရောဂါကင်းဝေး ကျန်းမာရေး
ကျန်းမာရေးဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်နေမှုများကို ပြည်သူတို့ စိတ်ဝင်တစားစောင့်စားနားထောင်လျက်ရှိကြသည်။ မြန်မာ နိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားမှုလျော့နည်းသွားကြောင်းကြားသိရသည်မှာ စိတ်ချမ်းသာဖွယ် သတင်းကောင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူလူထုပူးပေါင်းဆောင်ရွက်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများ၏ အောင်မြင်မှုရလဒ်ကောင်းလည်းဖြစ်သည်။ ပြည်သူတစ်ဦးချင်း၏ ကိုယ်စီအသိ၊ ကိုယ်စီသတိဖြင့် နေထိုင်ပြုမူခြင်းများသည်လည်း ရောဂါကူးစက်မှုလျော့နည်းခြင်းအကြောင်းတစ်ရပ်ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းရောဂါကူးစက်ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးနှင့် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်ဆုံးဖြတ်ချက်များ အချိန်နှင့်တစ်ပြေးညီချမှတ်နိုင်ရေး၊လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်သည်များကို ဆောလျင်စွာလုပ်ဆောင်နိုင်ရေးအတွက် ဇူလိုင် ၉ ရက်နေ့တွင်နိုင်ငံတော်အကြီးအကဲကိုယ်တိုင်ဦးဆောင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။ သြဂုတ် ၉ ရက်နေ့တွင် ကျင်းပသော ညှိနှိုင်းအစည်းအဝေးသည် (၇) ကြိမ်မြောက်အစည်းအဝေးဖြစ်သည်။ ထို့ကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုနှုန်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ခံရသောလူနာများအတွက် အောက်ဆီဂျင်လိုအပ်မှုအခက်အခဲရှိခဲ့သော်လည်း ယခုအခါ နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်း ဆောင်ရွက်ပေးထားပြီးဖြစ်သည့်အတွက် အလုံအလောက်ရရှိနေသည့် အခြေအနေသို့ပင် ရောက်ရှိနေပေသည်။ အစိုးရ၊ တပ်မတော်၊ အခြားလူမှုရေးအဖွဲ့အစည်းများ၊ စေတနာရှင်များ၊ ကုမ္ပဏီများနှင့်လူတစ်ဦးချင်းမှအစပြု၍ ဝိုင်းဝန်းကူညီမှုများ ကြောင့်လိုအပ်ချက်မှန်သမျှ ပြည့်မီအောင်ဖြည့်ဆည်းပေးနိုင်ခြင်း ဖြစ်သည်။ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀)၌ အောက်ဆီဂျင် ထုတ်လုပ်သည့်စက်ရုံကို သြဂုတ်လ ၆ ရက်နေ့က စတင်ဖွင့်လှစ်သည်။ ထိုစက်ရုံမှ ၁၀ မိနစ်လျှင် လီတာ၄၀ ဆံ့ အိုး ၁၀ လုံးထုတ်လုပ်နိုင်ပြီး တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အိုး ၉၀၀ ခန့်ထုတ်လုပ်နိုင်သည်။ နေပြည်တော်ရှိ ပြည်သူ့ ဆေးရုံများနှင့်တပ်မတော်ဆေးရုံများသို့ အဓိကဖြန့်ဖြူးမည်ဖြစ်ပြီး ပိုလျှံပါက တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများသို့ ဆက်လက်ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။ သြဂုတ်လ၈ ရက်နေ့တွင် တပ်မတော်(ရေ) အောက်ဆီဂျင်စက်ရုံများမှ အောက်ဆီဂျင်အိုး ၅၅၀ ထုတ်လုပ်ပေးနိုင်မှုသတင်းကောင်းကိုကြားသိရသည်။ အောက်ဆီဂျင်သန့်စင်မှုရာခိုင်နှုန်းမှာ ၉၉ ဒသမ ၇၅ ရာခိုင်နှုန်းရှိပြီး နယ်မြေဒေသအတွင်းရှိ ပြည်သူ့ဆေးရုံများ၊ ကိုဗစ်-၁၉ ကုသရေးစင်တာများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် အောက်ဆီဂျင်လိုအပ်သူများအတွက် ပိုမိုဖြည့်ဆည်းဆောင်ရွက်ပေးနိုင်တော့မည်ဖြစ်သည်။
အောက်ဆီဂျင်ထုတ်လုပ်သော စက်ရုံများမှာ တိုင်းစစ်ဌာနချုပ်နယ်မြေများတွင် များစွာတည်ဆောက်လျက်ရှိသည့်အပြင် အောက်ဆီဂျင်ပြတ်တောက်မှု မဖြစ်စေရေးအတွက် ပြည်ပမှတင်သွင်းခြင်းကိုလည်း လွယ်ကူချောမွေ့စွာခွင့်ပြုပေးလျက်ရှိသည်။ ရောဂါမဖြစ်ပွားအောင် အကောင်းဆုံးနည်းသည် ကြိုတင်ကာကွယ်ဆေးထိုးခြင်းဖြစ်သည်။ သြဂုတ် ၈ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှဝယ်ယူထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတစ်သန်း ထပ်မံရောက်ရှိလာသော မင်္ဂလာသတင်းကောင်းကို ကြားသိလိုက်ရသည်။ ဤကာကွယ်ဆေးများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှဝယ်ယူထားသော Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်သန်းအနက် ဒုတိယအသုတ်ဖြစ်သည်။ ဇူလိုင် ၂၃ ရက်နေ့က ပထမအသုတ် ကာကွယ်ဆေး တစ်သန်း ရရှိခဲ့ပြီး ဖြစ်သည်။ ရရှိလာသောကာကွယ်ဆေးများကိုလည်း သက်ဆိုင်ရာနေရာများသို့ အမြန်ဆုံးရောက်ရှိရေးကို လျင်မြန်စွာ ဆောင်ရွက် ပေးလျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သြဂုတ် ၉ ရက်နေ့တွင် ကျင်းပခဲ့သော ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရရှိလာသည့် သင်ခန်းစာများ၊ အတွေ့အကြုံများကို သင်ခန်းစာယူ၍ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့်ပတ်သက်လာပါက လိုအပ်သည်မှန်သမျှကို ကြိုတင်ပြင်ဆင်ထားရန်များနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ ထို့ပြင် ကိုဗစ်-၁၉ ရောဂါသည် အရှင်းပျောက်မည့်အခြေအနေမဟုတ်သဖြင့် ပတ်ဝန်းကျင် ကောင်းများ ဖန်တီးပေးရေး၊ လူတိုင်းကိုယ်ခံစွမ်းအားကောင်းမွန်ရေးအတွက် ကျန်းမာရေး ကောင်းမွန်နေရေး၊ စားနပ်ရိက္ခာ ဖူလုံပေါများရေး၊ ကာကွယ်ကုသဆေးပြည့်စုံအောင်ဆောင်ရွက်ရေး၊ ပြည်သူများကိုဝင်ငွေကောင်းအောင်ဆောင်ရွက်ပေးရေး စသော အချက် ၅ ချက်ကို လုပ်ဆောင်ရန် အကျယ်တဝင့်လမ်းညွှန်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ပစ္စုပ္ပန် အခြေအနေတွင် ကိုဗစ်-၁၉ ကို အောင်မြင်စွာကျော်လွှားနိုင်ရေးဆောင်ရွက်နေသလို အနာဂတ်တွင် ကိုဗစ်-၁၉ ကို အောင်မြင်စွာ ကျော်လွှားနိုင်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။ ။