ရဲမှုထမ်းများနှင့် မိသားစုဝင်များအား ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာ များ ပေးအပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃

 နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက် COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း သွားလာမှုများ ကန့်သတ်ချက်များကြောင့်  စားရေးအခက်အခဲ မရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် COVID-19  ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများနှင့် ရဲတပ်ဖွဲ့မှူးရုံးတို့၌ ပေးအပ်လျက်ရှိသည်။

ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်တို့က ပုသိမ်မြို့ရှိ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် များအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ်၊ ဧည့်ခန်းမဆောင်၌ လည်းကောင်း အသီးသီးတွေ့ဆုံ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများနှင့် Mask များ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 အလားတူ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် များအား မိုးကောင်းမြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံး၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ရှိ  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား မိုင်းနောင်မြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံး၌ လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့တို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား မော်လမြိုင်မြို့နှင့် ဘားအံမြို့တို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နှင့် မှော်ဘီမြို့နယ်တို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား အဆိုပါ မြို့နယ်များရှိ လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တို့၌လည်းကောင်း၊  မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မိတ္ထီလာမြို့နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင် များအား အဆိုပါမြို့နယ်များရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံးတို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြည်မြို့ရှိ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၌လည်းကောင်း ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် အလှူရှင်တစ်ဦးက အလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။