ရွှေကူမြို့နယ်ရှိ လုံခြုံရေး ယာယီရုပ်သိမ်းထားသည့် မြို့လှနယ်မြေ ရဲစခန်းနှင့် ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းများအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မေ ၉

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ လုံခြုံရေးယာယီ ရုပ်သိမ်းထားရှိသည့် မြို့လှနယ်မြေ ရဲစခန်းအား လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့မှ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ရှိ လုံခြုံရေး ယာယီရုပ်သိမ်းထားသည့် မြို့လှ နယ်မြေရဲစခန်းအား ယနေ့နံနက် ၂ နာရီခန့်တွင် (စိစစ်ဆဲ) လက်နက်ကိုင် သောင်းကျန်းသူများက မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး နံနက် ၅ နာရီအချိန်တွင် မီးငြိမ်းသွားခဲ့သည်။ မီးလောင်မှုကြောင့် အဆိုပါရဲစခန်းရုံး သွပ်မိုး၊ အုတ်ကာ ၁ ထပ်အဆောက်အဦ ၁ လုံး၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နေအိမ် ၁ လုံး၊ ကျင်စင်အရှည် ၂ ခု၊ သက်သေခံပစ္စည်းဆိုင်ကယ် ၃ စီး၊ ရဲစခန်းရုံးအတွင်းရှိ  ရုံးသုံးပရိဘောဂပစ္စည်းများနှင့် ဆက်သွယ်ရေးစက် ၁ လုံးတို့ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့သည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ချင်းခင်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း အား မေ ၈ ရက် နံနက် ၂ နာရီခန့်တွင် အကြမ်းဖက်သူများက မီးပုလင်းဖြင့် ပစ်ပေါက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မေလ ၈ ရက် နံနက် ၂ နာရီခန့်တွင် ချင်းခင်ကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း မီးလောင်နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့်  အဆိုပါကျောင်းရှိ ၁၂၀ ပေ ၃၀ ပေရှိ သွပ်မိုး/ အုတ်ကာ စာသင်ကျောင်း ဆောင်တစ်ဆောင်နှင့် ကျောင်းဆောင်အတွင်းရှိ စာသင်ခုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုဖြစ်ပွားသည့် ကျောင်းဆောင်အတွင်းမှ မီးပုလင်း ကွဲစများအား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။အဆိုပါဖြစ်စဉ်မှ မီးရှို့ခဲ့သည့် အကြမ်းဖက်သူများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။