ရွှေကျင်မြို့နှင့် ပြင်ဦးလွင်မြို့တို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှုခံယူနေ သူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ - ၂၃
    
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူ လျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက် ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုများ၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများကို မေးမြန်းအားပေးစကားပြောကြားပြီး စားသောက် ဖွယ်ရာများ ပေးအပ်သည်။
    
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
    
အလားတူ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော် ဆေးရုံကြီး၌ နိုင်ငံတော်အပေါ်သစ္စာရှိရှိ၊ တာဝန်သိသိဖြင့် နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်ရင်း ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက် ကုသမှုခံယူလျက်ရှိ သော အရာရှိ၊ စစ်သည်များကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုပြီး တစ်ဦးချင်း စီ၏ ဒဏ်ရာရရှိမှု၊ ဆေးဝါးကုသပေးထားမှု၊ ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေ အနေများအား မေးမြန်းအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။