နေပြည်တော်၊ ဇွန် - ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွှေညောင်မြို့ရှိ နယ်မြေခံတပ်အား ဇွန် ၅ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သူ ၃ ဦးက ဆိုင်ကယ်စီးနင်းကာ ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဆဲဆိုကြိမ်းမောင်းခြင်းများ ပြုလုပ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ လက်ပစ်ဗုံး ၁ လုံး၊ စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်းသိရှိရသည်။
ဖြစ်စဉ်မှာ ရွှေညောင်မြို့ရှိ နယ်မြေခံတပ်အား ဇွန် ၅ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရပ်စောက်မှ ရွှေညောင်ဘက်သို့ မောင်းနှင့်လာသည့် ဆိုင်ကယ် တစ်စီးပေါ်မှ အကြမ်းဖက်သူ ၃ ဦးက ခဲများဖြင့် ပစ်ပေါက်ခြင်း၊ ဆဲဆိုကြိမ်းမောင်း ခြင်းများပြုလုပ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးရာ ရွှေညောင်- ရပ်စောက် လမ်းဆုံသို့အရောက်၌ အဆိုပါအကြမ်းဖက်သူ ၃ ဦးက လက်ပစ်ဗုံးပြကာ စိမ်ခေါ်ပြီး ထပ်မံမောင်းနှင် ထွက်ပြေးခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးခဲ့ရာ ရွှေညောင်မြို့၊ တောင်လေးလုံးအုပ်စု၊ တောင်ဦးကျေးရွာနေ သန်းဇော်အောင် (၂၀)နှစ်(ဘ)ဦးသန်းထွန်းနှင့် သိန်းနိုင် (၂၅)နှစ်(ဘ)ဦးသိန်းမောင် တို့ ၂ ဦးအား သေဆုံးလျက်နှင့် ခိုင်ဇော်ဝင်း (၂၀)နှစ်(ဘ)ဦးဝင်းမြင့် တို့အား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့နှင့်အတူ MG-36 လက်ပစ်ဗုံး ၁ လုံးနှင့် WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ ပြားတို့အား တွေ့ရှိဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူ ၂ ဦးအား နယ်မြေခံတပ်မတော်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဖမ်းဆီးရမိသူ ခိုင်ဇော်ဝင်း၊ လက်ပစ်ဗုံး ၁ လုံးနှင့် စိတ်ကြွရူးသွပ်ဆေးပြားများအား သက်ဆိုင်ရာသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။