ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာလာရောက်ဝတ်ပြုကြည်ညိုလျက်ရှိ၊ ဘဏ်များ၊ ဈေးများ၊ ဆေးရုံများနှင့် ယာဉ်လိုင်းများပုံမှန်အတိုင်း ပြန်လည်ဖွင့်

ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာလာရောက်ဝတ်ပြုကြည်ညိုလျက်ရှိ၊ ဘဏ်များ၊ ဈေးများ၊ ဆေးရုံများနှင့် ယာဉ်လိုင်းများပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြေးဆွဲ

နေပြည်တော်  ဧပြီ  ၆

ဗုဒ္ဓဘာသာဘုရားစေတီများအပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်းများအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ဖေဖော်ဝါရီ ၈ ရက်မှစတင်၍ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်ဖွင့်လှစ်ပေးထားရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ဥပ္ပါတသန္တိ စေတီတော်မြတ် ကြီးတို့အပါအဝင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာသံဃာ တော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့်မိဘပြည်သူများက ဖူးမြော်ကြည်ညိုကုသိုလ်ယူလျက်ရှိကြသည်။

အလားတူ သက်ဆိုင်ရာဘာသာရေး ကျောင်းများတွင်လည်း ဘာသာဝင်များက စိတ်အေးချမ်းသာစွာ လာ ရောက်ဝတ်ပြုလျက်ရှိကြကြောင်း သိရှိရသည်။

ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးတို့အပါအဝင် အခြားမြို့ကြီးများတွင်လည်း တည်ငြိမ် အေးချမ်းစွာဖြင့် ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားလျက်ရှိပြီး ဘဏ်များ၊ ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို တည်ငြိမ် အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌လည်း ခရီးသွားပြည်သူများ အဆင်ပြေစေရေးအတွက် ယာဉ်လိုင်း များ နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးက ယခုလိုပဲ ပြောကြားပါသည်-

“ယာဉ်လိုင်းတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ ရန်ကုန်တိုင်းဒေသကြီးဟာ မြန်မာနိုင်ငံ ရဲ့အချက်အချာ ဒေသကြီးဖြစ်တယ်ဆိုတာ အားလုံးလည်း သိပြီးဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့ အဝေးပြေး ခရီးသည် ပို့ဆောင်ရေးယာဉ်လိုင်းတွေကို COVID-19 ရောဂါဖြစ်ပွားတုန်းကလည်း ကျွန်တော်တို့ရဲ့ ယာဉ်လိုင်း တွေကို မပိတ်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ အဝေးပြေးယာဉ်လိုင်းတွေ က ရန်ကုန်မှာ အောင်မင်္ဂလာဆိုတဲ့ ယာဉ်ရပ်ဝန်းကြီးရှိပါတယ်။ ထူးခြားချက်အနေနဲ့က ဒလမြို့နယ်က သယ်ယူပို့ဆောင်ပေးရတဲ့ ယာဉ်ရပ်ဝန်း၊ ဒဂုံဧရာအဝေးပြေးယာဉ်ရပ်ဝန်းရှိပါတယ်။ အခုဆိုရင် ထူးခြားလာတာက အဝေးပြေးလိုင်းတွေကို အသုံးပြုပြီး  သွားလာတဲ့အပိုင်းမှာ များလာတယ်ဆိုတဲ့ အနေအထား၊ ခရီးသည်တွေရှိလာတယ်ဆိုတဲ့ အနေအထားကို တွေ့ရပါတယ်။ ဥပမာ- မတ်လလောက်ကတည်းက တိုးတက်လာ တယ်။ အခု ဧပြီလ ၁ ရက်၊ ၂ ရက်၊ ၃ ရက် ကို  ကျွန်တော်လေ့လာကြည့်တဲ့အခါမှာ ဒလ၊ အောင်မင်္ဂလာ၊ ဒဂုံဧရာတို့ကိုပေါင်းရင် တစ်နေ့ကို ၄၅ စီး၊ ၄၈ စီး လောက်ထွက်ပါတယ်။

ခရီးသည်ဦးရေကို ပြန်ကြည့်မယ်ဆိုရင် ၅၀၀ ကျော်၊ ၆၀၀ ကျော်အထိ စီးနင်း သွားလာတဲ့အနေအထားကို တွေ့ရပါတယ်။ COVID-19 ရောဂါကာလမှာလည်း COVID-19 ကာကွယ်ရေးစည်းမျဉ်း၊ စည်းကမ်းတွေနဲ့အညီ     ကျွန်တော်တို့ ပို့ဆောင်ခဲ့သော်လည်း ခရီးသွားတွေအသုံးပြုမှုမရှိတော့တဲ့အတွက် ယာဉ်လိုင်းတွေက ရပ်ဆိုင်း ခဲ့ရပါတယ်။ သို့သော်လည်း ယာဉ်လိုင်းတွေက မိမိတို့ရဲ့ လုပ်ငန်းလည်ပတ်ဖို့၊ ယာဉ်လုပ်သားတွေရဲ့ အနေအထားကို ထိန်းသိမ်း နိုင်ဖို့အတွက် ပါဆယ်၊ ကုန်တွေပို့ခဲ့ရတယ်။ အခုဆိုရင် ယာဉ်လိုင်းတွေမှာ ခရီးသည် စီးနင်းမှုအပိုင်းကို ပြန်လည်တွေ့ရှိလာရပြီး ဖြစ်ပါတယ်လို့ ကျွန်တော့်အနေနဲ့ ပြောလို ပါတယ်။ ကျွန်တော်တို့ YRTA အနေနဲ့က ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရဲ့ ညွှန်ကြားချက်နဲ့အညီ အရှိန်အဟုန်မပြတ် ပြေးဆွဲခြင်းဖြင့် ပြည်သူလူထုသွားလာမှု အဆင်ပြေချောမွေ့အောင် ကြိုးပမ်းဆောင် ရွက်ပေးလျက်ရှိပါတယ်။ တချို့ယာဉ်လုပ်သားတွေ လုပ်ငန်းအခြေအနေအရ ရပ်နားရတော့ နယ်တွေကိုပြန် ကြတယ်။ ပြန်မလာနိုင် သေးတဲ့အတွက် ယာဉ်လိုင်းတွေမှာ ယာဉ် တွေနည်းနည်းကျန်ပေမယ့် ယာဉ်တွေကို ပြေးဆွဲပေးဖို့အတွက် အမြဲတမ်းပြင်ဆင် ထားပါတယ်။ ဒါကြောင့် ကျွန်တော်တို့အပိုင်း အနေနဲ့ကတော့ သယ်ယူပို့ဆောင်ရေးအခန်း ကဏ္ဍဖွံ့ဖြိုးရေးအတွက် ပေးအပ်တဲ့တာဝန်တွေကို ကြိုးပမ်းထမ်းဆောင်မှုနဲ့အတူ ဖွံ့ဖြိုး တိုးတက်အောင်ကြိုးပမ်းသွားပါမယ်လို့ ဖြည့် စွက်ပြီး ပြောချင်ပါတယ်” ဟု ပြောသည်။

(၁၀၀)