ရွှေတိဂုံစေတီတော်မြတ်ကြီး အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ အခြားဘာသာရေး ကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြု ကြည်ညိုလျက်ရှိ၊ ဘဏ်များ၊ ဈေးများ၊ ဆေးရုံများနှင့် ယာဉ်လိုင်းများ ပုံမှန်အတိုင်း ပြန်လည

  ဗုဒ္ဓဘာသာ ဘုရားစေတီများ အပါအဝင် သက်ဆိုင်ရာ ဘာသာများအလိုက် ဘာသာရေးကျောင်း များအား ဖူးမြော်ခွင့်၊ ဝတ်ပြုခွင့်များကို ဖေဖော်ဝါရီ ၈ ရက်မှ စတင်၍ COVID-19 စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်ပေးထားရာ ယနေ့တွင် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊ မန္တလေးမြို့ရှိ မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီး၊ နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် အတွင်းရှိ   ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတို့ အပါအဝင်  ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ  ဘုရား၊ စေတီပုထိုးများ၌ ဘုရားဖူးလာ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် မိဘပြည်သူများက ဖူးမြော်ကြည်ညို ကုသိုလ်ယူလျက်ရှိကြသည်။

  အလားတူ   သက်ဆိုင်ရာ ဘာသာရေး ကျောင်းများတွင်လည်း ဘာသာဝင်များက စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုလျက် ရှိကြကြောင်း သိရှိရသည်။

  ထို့ပြင် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများ အပါအဝင်   အခြားမြို့ကြီးများတွင်လည်း တည်ငြိမ် အေးချမ်းစွာဖြင့် ဈေးများ၌ ဈေးရောင်း၊ ဈေးဝယ်များဖြင့် စည်ကားလျက်ရှိပြီး ဘဏ်များ၊  ဆေးရုံများ၊ လေကြောင်းခရီးစဉ်များ၊ မီးရထားခရီးစဉ်များ၊ ရေကြောင်းခရီးစဉ်များ၊ မော်တော်ယာဉ်လိုင်းများကို တည်ငြိမ်အေးချမ်းစွာဖြင့် ပုံမှန်အတိုင်း ဖွင့်လှစ်ပြေးဆွဲလျက် ရှိကြောင်း သိရှိရသည်။

  ထို့အတူ ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌လည်း ခရီးသွားပြည်သူများ အဆင်ပြေစေရေး အတွက်  ယာဉ်လိုင်းများ  နေ့စဉ်ပြေးဆွဲလျက်ရှိကြောင်း    တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ပြောကြားပါသည်-

  ''ကျွန်တော်တို့YRTA အနေနဲ့က ရန်ကုန်တိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ၏ ညွှန်ကြားချက်နဲ့အညီ အရှိန်အဟုန်မပြတ်  ပြေးဆွဲခြင်းဖြင့်  ပြည်သူလူထု သွားလာမှု အဆင်ပြေချောမွေ့အောင် စီမံဆောင်ရွက် ပေးလျက် ရှိပါတယ်။ YBS လိုင်းတွေအနေ နဲ့က ယခင်က  နံပါတ်ပေးပြီး ပြေးဆွဲနေတာ ယာဉ်လိုင်းပေါင်း   ၁ဝ၂ လိုင်းရှိပါတယ်။ နောက်တစ်ခါ  နံပါတ်တွေ မပေးဘဲနဲ့ ယာဉ်လိုင်းတွေ နာမည်နဲ့ပြေးဆွဲတာ ၁ဝ လိုင်း လောက်ရှိပါတယ်။  ဒါပေမဲ့ COVID-19 ရောဂါတွေ ဖြစ်ပွားတဲ့အချိန်မှာ  တက္ကသိုလ် တွေပိတ်ရတယ်။  နောက်တစ်ခါ  ကျန်တဲ့ မြို့ပတ်လိုင်းတွေ ရပ်ဆိုင်းခဲ့ရတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က   လိုင်းပေါင်း  ၉၈ လိုင်း ပတ်ဝန်းကျင်၊ တစ်ခါတလေ ၉ဝ ကျော်နဲ့ ပြေးဆွဲ ပေးခဲ့တာဖြစ်ပါတယ်။

  အဓိကက   ကျွန်တော်တို့  ဘာကိုတွက်လဲဆိုတော့   ခရီးသွားပြည်သူလူထု သွားလာမှုနဲ့ညီညွတ်တဲ့   ပြေးဆွဲမှုဆိုတဲ့ COVID-19 ကာလမှာ  ပြေးဆွဲပေးခဲ့ပါတယ်။ နံပါတ်(၁)က ပြေးဆွဲလမ်းကြောင်းတွေရဲ့ အနေအထား၊ ခရီးသည်အနေအထား၊ ယာဉ်မောင်းများရဲ့ အနေအထား စတဲ့အပိုင်း(၃)ပိုင်းနဲ့ကြည့်ပြီး ကျွန်တော်တို့ ပြေးဆွဲပေးနေပါတယ်။ ကျွန်တော်တို့ ယာဉ်လိုင်းတွေ အနေနဲ့က အခက်အခဲ ဖြစ်တဲ့နေရာတွေမှာ ကွေ့ပြီး မူလလမ်းကြောင်းကို ပြန်ဝင်ပြေးဆွဲခြင်းဆိုတဲ့ စနစ်နဲ့လည်း ခရီးသွားပြည်သူလူထု၊ အစအဆုံးစီးနင်းတဲ့ ခရီးသည်တွေကို အခက်အခဲ မဖြစ်အောင်  ပို့ပေးခဲ့ပါတယ်။ မတ်လကုန်နောက်ပိုင်း  အခုကျွန်တော်တို့ ယာဉ်လိုင်းတွေမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေက လမ်းတွေသွားလို့ ရအောင် စီမံပေးတယ်။ အခက်အခဲ အတားအဆီးတွေကိုလည်း ဖြေရှင်းပေးတယ်။ နောက်ပြီး ခရီးသွား ပြည်သူလူထုကလည်း ပြန်လည် သွားလာမှုတွေ ရှိလာတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် မတ်လနောက်ပိုင်းပြန်ကြည့်ရင်   ယာဉ်တွေဟာ ၉ဝဝ ကျော်ထိ ပြေးဆွဲလာခဲ့ပါတယ်။ မှတ်တမ်းတွေကို ပြန်ကြည့်တဲ့အခါ ပြေးဆွဲတဲ့ ယာဉ်လိုင်းပေါင်းဟာလည်း ၈၁ လိုင်း ပြေးဆွဲလာပြီး   ယာဉ်အစီးပေါင်းကိုလည်း ၁၂၉၉၊ ၁၃ဝဝ လောက်အထိ တိုးမြှင့် ပြေးဆွဲလာနိုင်ပြီဖြစ်ပါတယ်။   အခုဆိုရင် ဂိတ်ရင်း၊ ဂိတ်ဖျားတွေကိုလည်း ပို့ဆောင်ပေးနိုင်ပြီဖြစ်တဲ့အတွက်   ခရီးသွားပြည်သူလူထုက ပိုမိုအဆင်ပြေချောမွေ့ လာတဲ့အနေအထားကို ရရှိလာပြီဖြစ်တယ်။ ရုံးပိတ်ရက်တွေ ဖြစ်တာတောင် လူဦးရေက အရင်တုန်းကလိုပဲ ၁၄ဝဝဝဝ၊ ၁၅ဝဝဝဝ လောက်အထိ ပြန်လည် သွားလာတာကို  တွေ့ရတယ်။ အရင်တုန်းက ၇ဝဝဝဝ၊ ၆ဝဝဝဝ၊ ၈ဝဝဝဝ လောက်အထိ ကျဆင်းသွားတာကို တွေ့ရပါတယ်။ ပြန်ပြီးခြုံငုံပြီး ပြောရပါက မတ်လ နောက်ပိုင်းမှာ ခရီးသွားလာမှုတွေက အဆင်ပြေချောမွေ့လာသလို ခရီးသွားလာမှုအပိုင်းမှာလည်း ပြည်သူလူထုရဲ့ သွားလာမှုလည်း တိုးတက်လာတယ်လို့ ကျွန်တော်တို့အနေနဲ့ ဒီလိုသုံးသပ် တင်ပြနိုင်ပါတယ်။  ရန်ကုန်မြို့အတွင်းမှာ YBS ယာဉ်လိုင်းတွေ ပြေးဆွဲတာနဲ့ပတ်သက်ပြီး ဒီကာလအတွင်း ပြေးဆွဲမှုကို ကျွန်တော် တင်ပြခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့    အလေးထားပြီး ပြောချင်တာက ဒီလိုပြေးဆွဲနိုင်ဖို့ အတွက်က ့ YRTA တစ်ခုတည်းက တိုက်တွန်းနေလို့ မရပါဘူး။ ဒီလို ဆောင်ရွက်နိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့နဲ့ အတူတူ တာဝန်ထမ်းဆောင်နေကြတဲ့ YBS  ယာဉ်လိုင်း ကုမ္ပဏီတွေ၊  ပုဂ္ဂလိကကြီးကြပ် အဖွဲ့အစည်းတွေ၊   ယာဉ်မောင်းတွေနဲ့ ယာဉ်ပိုင်ရှင်တွေကို   ကျွန်တော်တို့ အနေနဲ့ ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ တစ်ဖက်က သယ်ယူပို့ဆောင်ရေး အခန်းကဏ္ဍမှာ   အခက်အခဲ အမျိုးမျိုးကြားက ပြည်သူလူထု   သွားလာမှုမပြတ်အောင် ကြိုးစားပေးကြတဲ့ ကုမ္ပဏီတွေ၊  ကုမ္ပဏီကို ကြီးကြပ်နေတဲ့ပုဂ္ဂိုလ်တွေ၊  ယာဉ်ပိုင်ရှင်နဲ့ ယာဉ်မောင်းတွေကို  အားလုံးကို ကျေးဇူးတင်သလို  စည်းကမ်း ထိန်းသိမ်းခြင်းဖြင့် ကျွန်တော်တို့ရဲ့   သယ်ယူပို့ဆောင်ရေးကို ပြည်သူလူထုအတွက် အထောက်အပံ့ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း ပေးကြပါလို့ ဒီနေရာကနေ တိုက်တွန်းပြီး ပြောကြားချင်ပါတယ်'' ဟု ပြောသည်။