ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်နှင့် သာစည်ကျေးရွာတို့ရှိ ရေဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများထောက်ပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်နှင့် သာစည်ကျေးရွာတို့ရှိ ရေဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများထောက်ပံ့၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဇူလိုင် - ၂၅
    
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့၊ ယွန်းတန်းရပ်ကွက်အတွင်း ဇူလိုင် ၂၄ ရက်တွင် ဧရာဝတီမြစ်ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည်။ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်အတွင်းရှိ လူနေအိမ် ၂၅ လုံးမှ ဒေသခံပြည်သူ ၉၁ ဦးကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်တပ်နယ်မှ တပ်မတော်သားများက ရေဘေးလွတ်ရာ ချမ်းသာကြီးဘုရားသို့ ကူညီရွှေ့ပြောင်းပေးပြီး အိမ်ထောင်တစ်စုလျှင် ဆန် ၆ ပြည်၊ ဆီ ၆၀ ကျပ်သား၊ ကြက်ဥ ၁၅ လုံးနှင့် ရွှေဖီဦးလက်ဖက်ရည်ထုပ် ၃၀ ထုပ်စီတို့ကို ထောက်ပံ့ပေးအပ်သည်။
    
အလားတူ ရွှေတောင်မြို့နယ်၊ တရုတ်မှော်ကျေးရွာအုပ်စု၊ သာစည်ကျေးရွာရှိ နေအိမ် ၁၈ လုံးသည် ဧရာဝတီမြစ်ကမ်းပါးပြိုကျမည့်အန္တရာယ်ရှိသဖြင့် နယ်မြေခံ တပ်မတော်သားများက ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ပြီး အိမ်ထောင်တစ်စုလျှင် ဆန် ၈ ပြည်၊ ပဲတစ်ပိဿာ ၆၀ ကျပ်သားနှင့်  ကြက်ဥ ၁၀ လုံးစီတို့ကို ထောက်ပံ့ပေးအပ် ခြင်း၊ နယ်မြေခံဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။
    
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြည်တပ်နယ်နှင့် အင်းမတပ်နယ်မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။