ရွှေပြည်သာမြို့နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်တို့တွင် လူသတ်မှုနှင့် မုဒိမ်းမှုတို့ကို ကျူးလွန်ခဲ့သူများအား ပြစ်ဒဏ်အသီးသီးချမှတ်

နေပြည်တော်၊ မေ - ၂၁
    
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ ရတနာ လမ်း၊ အမှတ်၊ ၁၈၀ နေအိမ်၌ ဧပြီ ၂၀ ရက် မွန်းတည့် ၁၂ နာရီခန့်တွင် သန့်ဇင် (ဘ)ဦးကြည်ထွန်း က ညီမဝမ်းကွဲတော်စပ်သူနှင့် စကားများရန်ဖြစ်ကာ   အရိုး/အသွား (၆)လက်မ ခန့်ရှိဓားဖြင့် ထိုးခဲ့ခြင်းကြောင့် လူသေဆုံးသည်အထိ လူသတ်မှုကို ကျူးလွန်ခဲ့သည့်အတွက် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ - ၃၀၂(၂) အရ ၎င်းအား မေ ၂၀ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် (၂၀)နှစ် ” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။ 
    
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း အသက် မပြည့်သေးသူ အမျိုးသမီးငယ် တစ်ဦးအား ဧပြီ ၁၅ ရက်မှ ဧပြီ ၁၇ ရက်အထိ ကာလအတွင်း အဓမ္မမှုကျူးလွန်ခဲ့သည့် ကျော်ဝေယံသာ(ဘ)ဦးကျော်စိုး အား စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရာဇသတ်ကြီး ပုဒ်မ- ၃၇၆(၁) အရ ၎င်းအား မေ ၂၀ ရက်တွင် “ အလုပ်နှင့် ထောင်ဒဏ် ၂၀ နှစ် ”အား အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။ 
    
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် အဆောက်အဦနှင့် စက်ရုံ၊ အလုပ်ရုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မီးငြိမ်းသတ်မှု မဆောင်ရွက်နိုင်ရန် တားဆီး နှောင့်ယှက်မှုများ ဆောင်ရွက်သည့်အပြင် အကြမ်းဖက်မှုများကိုပါ ဆောင်ရွက် လာသဖြင့် စစ်အုပ်ချုပ်ရေးအမိန့်( Martial  Law) အား မတ် ၁၄ ရက်နှင့် ၁၅ ရက် တို့တွင် ထုတ်ပြန်ကြေညာခဲ့သည်။  စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကြေညာထား သည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃ မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါ ပြစ်မှုများကို ဖောက်ဖျက်ကျူးလွန်ပါက စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။