ရွှေပြည်သာမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ မတ် - ၂၄
    
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ မန္တလေးလမ်းနှင့် ကလေးဝလမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ မတ် ၂၃ ရက်ည ၁၀ နာရီ ၅၀ မိနစ် ခန့်တွင် မီးလောင်ကျွမ်းနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၃ စီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
    
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်းနှင့် ရုံးအတွင်းရှိ ပေ ၂၀ ပတ်လည် ရုံးခန်းတစ်ခန်း၊ စာရွက်စာတန်းများနှင့် ပရိဘောဂပစ္စည်းများ မီးလောင် ပျက်ဆီး ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
    
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှု များပြုလုပ်ခဲ့ရာ ယနေ့နံနက် ၈ နာရီခန့်တွင် ရပ်ကွက်အတွင်းမှ သန်းဝင်း(ဘ)ဦးစိုးညွန့်၊ ရဲမြင့်အောင်(ဘ)ဦးသိန်းမြင့်နှင့် စောထွန်းနိုင်(ဘ)ဦးကျော်သန်းတို့အား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ ဖမ်းဆီးရမိသူများမှာ အထက်ပါမီးရှို့မှုဖြစ်စဉ်အား ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ရွှေပြည်သာမြို့မရဲစခန်းသို့ ပို့ဆောင်၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
    
အလားတူ အင်းစိန်မြို့နယ်၊ စဉ့်ကူရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်းရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့နံနက် ၃ နာရီ ၅ မိနစ်ခန့်တွင် မီးလောင်ကျွမ်းနေကြောင်း သတင်းအရ  လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၄ စီးဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၃၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
    
မီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်များထိခိုက်မှုမရှိကြောင်းနှင့် အုပ်ညှပ်၊ သွပ်မိုး အဆောက်အဦတစ်လုံး မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရှိရသည်။ အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။