မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ အဓိကတွဲဆိုင်းအဖြစ် ရွှေရာမာဉ်နှင့် ယှဉ်ပြိုင်မည့်ပွဲစဉ်သည် ပြိုင်ဆိုင်မှုပြင်းထန် မည်ဖြစ်ကြောင်း မြန်မာ့ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းက ပြောသည်။
ပဉ္စမအကြိမ်မြောက် မြန်မာ့ရိုးရာ လက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ (Myanmar Lethwei World Championship - 5)ကို ဒီဇင်ဘာ ၆ ရက် မွန်းလွဲ ၂ နာရီ တွင် ရန်ကုန်မြို့၌ ကျင်းပမည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် မြန်မာ့ရိုးရာ လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် ရွှေရာမာဉ်တို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ထွန်းထွန်းမင်းနှင့် ရွှေရာမာဉ်တို့ တွဲဆိုင်းအပါအဝင် တွဲဆိုင်း ခြောက်ဆိုင်း ပါဝင်မည်ဖြစ်သည်။
ပြိုင်ဘက်ဖြစ်သူ ရွှေရာမာဉ်၏ အားသာချက်၊ အားနည်းချက်များကို လေ့လာထားပြီး ယင်းပွဲတွင် အကောင်းဆုံး ယှဉ်ပြိုင်ရန် ပြင်ဆင်ထားကြောင်းကို ထွန်းထွန်းမင်းက ''ဒီပြိုင်ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်ပြီး အကြမ်းဆုံးပြိုင်ပွဲ တစ်ခု ဖြစ်လာမှာပါ။ နှစ်ယောက်စလုံး ဂုဏ်သိက္ခာပိုင်းအတွက် အကောင်းဆုံး ယှဉ်ပြိုင်မှာဖြစ်သလို အကြိတ်အနယ်ကြိုးစားမှာဖြစ်ပါ တယ်။ ပရိသတ်တွေ အားရကျေနပ်မှု ရှိအောင်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိ သလောက် အစွမ်းကုန်ကြိုးစားပါမယ်''ဟု ပြောသည်။
မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲတွင် ဒုတိယခေါင်ပွဲအဖြစ် ဗျဂ္ဃနှင့် စောထိန်လင်းတို့ ယှဉ်ပြိုင်မည်ဖြစ်ပြီး တခြားတွဲဆိုင်းများအဖြစ် ကနောင်သွေးနှင့် ပိုင်သက်အောင်၊ သားဒိန်းနှင့် ကျားသွေး၊ စောရွှေလေးနှင့် အဖိုးသွေး၊ ဓနအောင်နှင့် စောအရိုင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
COVID- 19 ရောဂါအခြေအနေကြောင့် ပြည်တွင်း၌ ကျင်းပရန်စီစဉ်ခဲ့သည့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲများကို မတ်လမှစ၍ ရွှေ့ဆိုင်းခဲ့ရသည်။ ထို့ကြောင့် ယခု ပြိုင်ပွဲသည် COVID- 19 ရောဂါကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ပြည်တွင်း၌ ပထမအကြိမ်ကျင်းပသည့် မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲဖြစ်သည်။
မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကို ပရိသတ်မပါဘဲ ကျင်းပမည်ဖြစ်ပြီး SKY NET ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်သည်။