ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ရှိ ရဲကင်းစခန်းအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်

နေပြည်တော်၊ ဧပြီ ၂၆

 ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်ရှိ ရဲကင်းစခန်း ၁ ခုအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက်နေ့ ည ၉ နာရီခွဲအချိန်ခန့်တွင် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ရှိ ရဲကင်း စခန်းအား လက်နက်ကိုင်သောင်းကျန်းသူ အဖွဲ့/အင်အား(စိစစ်ဆဲ)က ရဲကင်းစခန်းအနောက်တောင်ဘက် လမ်းပေါ်သို့ Pickup ခဲရောင်ယာဉ် ၁ စီးဖြင့် ရောက်ရှိလာပြီး ရဲကင်းစခန်းအား လက်နက်ငယ်ဖြင့် ရန်ပြု ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ်ခဲ့ရာ အဆိုပါယာဉ်မှာ ပါရီဆူဖလိုင် ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းနှင့် ထိတွေ့မှုဖြစ်စဉ်အတွင်း တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရှိရသည်။

ရဲကင်းစခန်းအား မော်တော်ယာဉ်ဖြင့် လာရောက်အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အား ဖမ်းဆီးရမိနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုအပ်သော ပိတ်ဆို့ စစ်ဆေးရှာဖွေမှုများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။