ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ အသေးစားချေးငွေလုပ်ငန်း (PACT MYANMAR) မှ ချေးငွေကောက်ယူမှုလုပ်ငန်းများဆောင်ရွက်နေစဉ် အမျိုးသား ၆ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀ ကျော်အား လုယက်ယူဆောင်
နေပြည်တော်၊ ဇန်နဝါရီလ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၌ အသေးစားချေးငွေလုပ်ငန်း (PACT MYANMAR) မှ ချေးငွေကောက်ယူမှုလုပ်ငန်းများဆောင်ရွက်နေစဉ် အမျိုးသား ၆ ဦးက သေနတ်ပြခြိမ်းခြောက်၍ ငွေကျပ်သိန်း ၄၀ ကျော်အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် နွားဘန်းကြီး ကျေးရွာနေ မအိအိမွန်(၃၂)နှစ် (ဘ)ဦးမြသောင်း၏ နေအိမ်တွင် အသေးစားချေးငွေလုပ်ငန်း(PACT MYANMAR)မှ ကွင်းဆင်းတာဝန်ခံဖြစ်သည့် ရွာမရပ်ကွက်နေ ထက်အောင်(၃၂)နှစ် (ဘ)ဦးစံဌေးနှင့် တစ်ရပ်ကွက်တည်းနေ မတင်မျိုးဦး(၃၉)နှစ် (ဘ)ဦးမောင်စံတို့သည် ချေးငွေကောက်ယူမှု လုပ်ငန်း များဆောင်ရွက်နေစဉ် တူမီးသေနတ်များကိုယ်စီကိုင်ဆောင် ထားသော အမျိုးသား ၆ ဦးက ဆိုင်ကယ် ၃ စီးဖြင့် ရောက်ရှိလာပြီး ချေးငွေကျပ်သိန်း ၄၀ နှင့် မတင်မျိုးဦးကိုင်ဆောင်သည့် ဖုန်း ၂ လုံး၊ နိုင်ငံသားစိစစ်ရေးကဒ်ပြား ၁ ခု၊ ယာဉ်မောင်းလိုင်စင် ၁ ခု၊ ကျော်ပိုးအိတ် ၂ လုံးတို့အား သေနတ်ပြခြိမ်းခြောက်၍ လုယက်ယူဆောင်ကာ နွားဘန်းကြီး ကျေးရွာ၏ မြောက်ဘက်သို့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ သေနတ်ပြခြိမ်းခြောက်၍ ငွေများအား လုယက်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက် သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေးစိတ်ပိတ်ဆို့ရှာဖွေမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။