ရှမ်းယူနိုက်တက်အသင်းအမှတ်ပေးချန်ပီယံဖြစ်ခဲ့သော ဘောလုံးရာသီတိုင်းတွင်ပါဝင်သည့် မက်ဆီမင် ကို သက်တမ်းတိုးစာချုပ်ချုပ်ဆို

 

ရှမ်းယူနိုက်တက်အသင်း အမှတ်ပေး ချန်ပီယံဖြစ်ခဲ့သော ၂၀၁၇၊ ၂၀၁၉ နှင့် ၂၀၂၀ ဘောလုံးရာသီ  သုံးခုစလုံးတွင် ပါဝင်ခဲ့သည့် အိုင်ဗရီကို့စ် အလယ်တန်း ကစားသမား  မက်ဆီမင်ကို   တစ်ရာသီ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်သည်။ မက်ဆီမင်သည်   ရတနာပုံအသင်း၌ ၂၀၁၄ နှင့် ၂၀၁၅ ဘောလုံးရာသီတို့တွင် ကစားခဲ့ဖူးပြီး  လက်ရှိ ရှမ်းယူနိုက်တက် အသင်းအတွက် ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၉ နှင့် ၂၀၂၀ ဘောလုံးရာသီတို့တွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြခဲ့သည်။

“ရှမ်းယူနိုက်တက်အသင်းက  နည်းပြတွေ၊ ကစားသမားတွေက မိသားစုတွေလိုပါပဲ။ ပြီးခဲ့တဲ့ နှစ်ရာသီအတွင်း ကျွန်တော်တို့အသင်း လုပ်ပြနိုင်ခဲ့တာတွေအတွက် အမြဲတမ်းဂုဏ်ယူတယ်။  ဒီအသင်း မှာ ဆက်ရှိခွင့်ပေးခဲ့တဲ့     အသင်းဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်”ဟု ၂၇ နှစ် အရွယ် မက်ဆီမင်က ပြောသည်။ ရှမ်းယူနိုက်တက်  အသင်းနှင့်အတူ အမှတ်ပေးချန်ပီယံဆု သုံးကြိမ်ရရှိထားသည့်   မက်ဆီမင်သည်   နောက်ချန် တိုက်စစ်မှူးနေရာနှင့်   ခံစစ်အားသန်  အလယ်တန်းကစားသမားနေရာတို့၌ ကစားနိုင်သူ ဖြစ်သည်။

မက်ဆီမင်ကို ခေါ်ယူမှုနှင့်ပတ်သက်၍ နည်းပြချုပ် ဦးဟန်ဝင်းအောင်က “သူက အားကိုးရတဲ့ ကစား သမားပါ။ မြန်မာနေရှင် နယ်လိဂ်မှာ သူကစားခဲ့တဲ့နှစ်ကိုကြည့်ရင် သူ့အတွေ့အကြုံကို ခန့်မှန်းလို့ရပါ တယ်။  အလယ်တန်းနေရာမှာ   သူဦးဆောင်ကစားပြီး အသင်းအတွက် ချန်ပီယံဖြစ်ခဲ့တာတွေက မေ့ထားလို့မရပါဘူး”ဟု  ပြောသည်။ ရှမ်းယူနိုက်တက်အသင်းသည် ပြည်တွင်းကစားသမားလေးဦးဖြစ်သည့် စိုးလွင်လွင်၊ ကျော်ဇင်လွင်၊ သီဟဇော်နှင့် သန်းပိုင်တို့အပြင် ပြည်ပကစားသမားသစ်အနေဖြင့်   နိုက်ဂျီးရီးယားတိုက်စစ်မှူး ဆာဆက်ကိုလည်း ခေါ်ယူထားကြောင်း သိရသည်။