လက်ဆင့်ကမ်းထိန်းသိမ်းရန်လိုအပ်လာသည့် မြန်မာ့လက်မှုစဉ့်အိုးလုပ်ငန်း

လက်ဆင့်ကမ်းထိန်းသိမ်းရန်လိုအပ်လာသည့် မြန်မာ့လက်မှုစဉ့်အိုးလုပ်ငန်း

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်မြောင်း မြို့နယ်၌ မြန်မာ့လက်မှု စဉ့်အိုးလုပ်ငန်းကို မိရိုးဖလာလု ပ်ငန်းအဖြစ်လုပ်ကိုင် လာကြသည်မှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျလက်ထက်ကတည်းက ဖြစ်ရာ နှစ်ပေါင်း  ၂၅၀  ကျော်ကြာခဲ့ပြီး မတိမ်မြုပ်မပျောက်ကွယ်ဘဲ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်သို့  တင်ပို့ရောင်းချ လျက်ရှိသည်။ ယနေ့ခေတ်တွင် ခေတ်မီအသုံးအဆောင် ပစ္စည်းအများအပြားရှိ၍    အသုံးပြုမှုများလာသော်လည်း စဉ့်အိုး၊  စဉ့်ခွက်များနှင့်    အိမ်အလှဆင်စဉ့်ပန်းအိုးများကို အိမ်ရှင်မများနှင့်    လုပ်ငန်းရှင်များကနှစ်ခြိုက်စွာအသုံးပြုနေဆဲဖြစ်သည်။ စဉ့်အိုးသည် တခြားမြေအိုးများနှင့်မတူဘဲ ခိုင်ခံ့သည့်အတွက် တောရွာများ သာမက မြို့များ၌ပါ အလှဆင်ပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းအဖြစ်    အသုံးပြုလျက်ရှိသည်။ စဉ့်အိုးပြုလုပ်ရန် မြေနီနှင့် မြေဝါနှစ်မျိုးလိုအပ်ပြီး လိုအပ်သည့်မြေကို ကျောက်မြောင်းမြို့အနီး၌သာ  ရရှိနိုင်သည်။ မြေနီနှင့် မြေဝါကို အချိုးကျရောစပ် ကာ    စက်ဖြင့်ကြိတ်ပြီး  ကြိတ်ပြီးသား မြေမှုန့်များကို  အရည်ဖျော်ကာ လုံးထားရသည်။ လုံးပြီးသားမြေများကို အလုပ်လုပ် ရာတဲများဆီသို့ပို့ဆောင်ပြီး အမှုန့်ကြိတ်ခြင်း၊ နယ်ခြင်းကို တစ်ရက်ကြာပြုလုပ်ရကာ အလိုရှိသည့် အိုးပုံသဏ္ဌာန်ရရန် ပုံဖော်ရသည်မှာ တစ်ရက်ကြာသည်။ ပြီးလျှင် နေလှန်းခြင်း၊ စဉ့်သုတ်ခြင်း၊ အပူပေးခြင်း၊ အအေးခံခြင်း  စသည်ဖြင့် အဆင့်ဆင့်ပြု လုပ်ရသည်။

“စဉ့်ထည်လုပ်တဲ့မြေက မြေနီနဲ့မြေဝါဆိုပြီး  နှစ်မျိုးရှိတယ်။  တောင်တွေကနေ  သဘာဝအလျောက်ထွက် တဲ့ မြေနီနဲ့မြေဝါ ကို  အချိုးကျရောစပ်ပြီး ထုတ်လုပ်ရတာပါ။  မြေရိုင်းတုံးကို အရင်ယူပြီး  နေလှန်း၊ အခြောက်ခံပြီးမှ အမှုန့်ဖြစ်အောင် စက်တွေနဲ့ကြိတ်ရတယ်။ ရေနဲ့ပြန်ရောပြီး နယ်ပြီးတော့မှ  အနုစိတ်ကျစ်လျစ်သွားအောင် ကြိတ်စက်နဲ့ညှစ်ပြီး အရန်သင့်ဖြစ်သွားတဲ့မြေကို     စဉ့်ထည်စလုပ် ပါတယ်” ဟု အောင်ဝင်းစိုးစဉ့်ထည်လုပ်ငန်း ပိုင်ရှင် ဒေါက်တာနှင်းသက်အောင်ကပြောသည်။ စဉ့်အိုး လုပ်ငန်းတွင် အမျိုးအစားသုံးမျိုးထုတ်လုပ်နိုင်ပြီး   ပထမအမျိုးအစားမှာ လုပ်ငန်းသုံးစဉ့်အိုးများ၊    ဒုတိယအမျိုး အစားမှာ   အိမ်အလှဆင်ပန်းအိုးများနှင့် တတိယအမျိုးအစားမှာ   မီးဖိုချောင်သုံး အိုးခွက်ပန်းကန်တို့ကို ပြုလုပ်သည့်အပြင် ကလေးကစားစရာ အိုးပုတ်များအထိ ပြုလုပ် ရောင်းချလျက်ရှိသည်။ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်အမျိုးအစားတွင် သောက်ရေထည့် စဉ့်အိုးကြီးများကို ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သို့ အဓိကထားတင်ပို့ပြီး အလှဆင်ပန်းအိုးများကို  နိုင်ငံတစ်ဝန်းသို့   တင်ပို့ကြောင်း သိရသည်။  တင်ပို့ရာတွင်   မြန်မာနိုင်ငံ အောက်ပိုင်း ထားဝယ်မြို့နှင့် မြန်မာနိုင်ငံ အထက်ပိုင်း မြစ်ကြီးနားမြို့အထိ တင်ပို့ ရောင်းချလျက်ရှိပြီး အရောင်းအဝယ်ပုံမှန် ရှိသော်လည်း   COVID-19    ရောဂါ ကာကွယ်ထိန်းချုပ်ရေး  ကာလအတွင်း  အလှဆင်စဉ့်အိုးများ ရောင်းအားကျဆင်း လျက်ရှိသည်။ ထို့ပြင် ထုတ်လုပ်ရာတွင် အလှဆင်ပန်းအိုး အသေးဆိုဒ်(စားပွဲတင်ဆိုဒ်)မှ ၆ ပေအရွယ်အထိ ဆိုဒ်စုံ ထုတ်လုပ်ပြီး သောက်သုံးရေနှင့် ငံပြာရည်သိုလှောင်ရန် အိုးဆိုဒ်စုံကိုလည်း ပြုလုပ်ရောင်းချလျက်ရှိသည်။

“အိုးပြုလုပ်ဖို့ စက်ခွင်တစ်ခုထိုင်ရတယ်။ စက်ခွင်တစ်ခုမှာ အိုးထိန်းပေးတဲ့ အိုးဆရာရှိတယ်။  ဆုံလည်ကို လှည့်ပေးရတဲ့ အိုးတပည့်တစ်ယောက်ရှိတယ်။ မြန်မာ့ လက်မှုပညာနဲ့ပဲပြုလုပ်တာပါ။ စက်ပစ္စည်း နဲ့လုပ်တာ တစ်ခုမှမပါဘူး။ မြေတွေလုံးပြီးလို့ အရန်သင့်လုပ်လို့ရတဲ့ မပျော့မမာ ရွှံ့လုံးအနေအထား ရောက်ရင်    စဉ့်အိုး စလုပ်လို့ရပါပြီ” ဟု  ဒေါက်တာနှင်းသက် အောင်ကပြောသည်။

စဉ့်အိုးပြုလုပ်ရန် လုပ်သားအင်အားများစွာလိုအပ်ပြီး ယင်းလုပ်သားများကလည်း ကဏ္ဍအစုံမှ မိမိတာဝန်ကို ဆောင်ရွက်ကြရသည်။ စဉ့်အိုးများပြုလုပ်ရန် မြေနီနှင့် မြေဝါများကို တောင်မှတူးယူသူ၊ အိုးဆရာ၊ အိုးတပည့်၊ အိုးထွက်လာပါက အခြောက်လှန်းပြီး  ခြောက်ပါက စဉ့်အိုး ဖုတ်သည့်ဖိုများဘက်ကို    ထုတ်ရသည့်  ဖိုလုပ်သားဟူ၍   အုပ်စုများခွဲခြားထားသည်။ အဆိုပါအိုးများကိုဖုတ်ရန် ထင်းမီး အသုံးပြုပြီး ယင်းထင်းများမှာ သဘာ၀အတိုင်း တောင်ပေါ်မှကျလာကာ ဧရာဝတီမြစ်အတွင်း မျောလာသည့် ထင်းဆွေးများ၊ မိုးကြီး၍ သစ်ပင်ရေတိုက်စားမှုကြောင့် မျောပါလာသည့် သစ်ပင်အပိုင်းအစများကို ဝယ်ယူကာ  လောင်စာအဖြစ်  အသုံးပြုကြ ခြင်းဖြစ်သည်။ “မြေကြီးကိုပုံဖော်လိုက်တဲ့ အိုးတစ်လုံး ဖြစ်ပြီဆိုရင် အကြမ်းထည်လို့ခေါ်တယ်။ အကြမ်းထည်ပြီးရင် အခြောက်ခံတယ်။ အိုးလုပ်ပြီးပြီးချင်း  နည်းနည်းခြောက်ရင်မြေဖြူစသုတ်တယ်။ နွေရာသီဆိုရင် မနက်အိုးလုပ်ပြီး ညနေကျရင် မြေဖြူ သုတ်တယ်။  မခြောက်နိုင်တဲ့ရာသီဆိုရင် နောက်ရက်ကျမှ မြေဖြူသုတ်တယ်။ ပြီးမှ အခြောက်ခံတယ်။ ခြောက်သွားပြီး အိုး ဖုတ်တော့မယ်ဆိုရင်  ဓာတုပစ္စည်းတစ်မျိုး သုတ်ပြီး  အပေါ်က  ချော်ရည်လောင်းရ တယ်။   အိုးဖုတ်ခါနီးမှ  ချော်ရည်လောင်းရတယ်။ အိုးဖုတ်တာက တစ်ရက်အချိန်ယူ ရတယ်။ ၄၆  တောင်လောက်ရှိတဲ့ဖို အပြည့်ဆိုရင် အိုးအမျိုးအစားပေါင်း မျိုးစုံ ပါတယ်။  အဲဒီမှာမှ ပန်းအိုးအသေးဆိုဒ်စုံ ၄၀၀ ကျော်  ၅၀၀ လောက်ထည့်တယ်။ အိုးကြီး ၄၀  ကျော် ၅၀ လောက်ထည့် တယ်။ အိုးဖုတ်ဖို့က တစ်ရက်အချိန်ယူရ တယ်။   ချော်ရည်လောင်းပြီး   နေ့ခင်း တစ်ဝက်ကို  နေပူနဲ့  အခြောက်ခံလိုက် တယ်။  ချော်ရည်ခြောက်မှ ဖိုကြီးထဲထည့်ရတယ်။ မီးအပူချိန်က ၁၀၀ ကနေ ၁၁၀၀၊ ၁၂၀၀ စင်တီဂရိတ် ပတ်လည်လောက်သုံးတယ်။ မီးဖုတ်ချိန်က တစ်ရက်ခွဲကြာတယ်။ ကျက်သွားရင် ချက်ချင်း ထုတ်လို့မရဘူး။   ပူနေလို့  သုံးရက်လောက်အအေးခံပြီးတော့ ဖိုပေါက်ကိုဖွင့်ပြီး စုစုပေါင်း ငါးရက်လောက် ထားရတယ်။ ရာသီဥတုမကောင်း ရင် အပြင်မထုတ်သေးဘူး။ ဖိုထဲမှာပဲထား ရတယ်။ ဖိုထဲကထုတ်ပြီးရင် အချောသပ်အဆင့်ပဲရှိတော့တယ်။ အချောသပ်အဆင့်ပြီးရင်တော့ အိုးလုပ်တဲ့လုပ်ငန်းပြီးပါပြီ” ဟု   ဒေါက်တာ နှင်းသက်အောင်ကပြောသည်။

စဉ့်အိုးများကို စဉ့်အရောင်မျိုးစုံရရှိရန် ဓာတုပစ္စည်းတစ်မျိုးထည့်ရကြောင်း အခြေခံအနေဖြင့်   ရှမ်းပြည်နယ်မှထွက်သည့်လျှော်ခဲတုံးများကို မှုန့်ညက်အောင်ထောင်း ပြီး အရည်ဖျော်လောင်းရကြောင်း၊ အပြာရောင်၊ အစိမ်းရောင်၊ အညိုရောင် စသည် ဖြင့် အရောင်လိုအပ်ပါက အရောင်ပြန်စပ်ပြီးလောင်းမှသာ     ပြောင်လက်သည့် စဉ့်ရောင်ထွက်ကြောင်းနှင့် စဉ့်အိုးတစ်အိုး ပြုလုပ်ရာတွင် အိုးအထည်အသေးဆုံးမှာ တစ်လခန့်ကြာပြီး ပုံစံအလိုက် သုံးလအထိ ကြာမြင့်ကြောင်း သိရသည်။ ကျောက်မြောင်းမြို့နယ်မှ ထွက်ရှိသည့် မြန်မာ့လက်မှုစဉ့်ထည်များကို     မြန်မာတစ်နိုင်ငံလုံးသာမက ပြည်ပနိုင်ငံများဖြစ်သည့်  နယ်သာလန်၊ နယူးယောက်၊ ဂျပန်၊ မလေးရှား၊ စင်ကာပူနှင့် သြစတြေးလျနိုင်ငံ တို့မှလည်း မှာယူသုံးစွဲခဲ့ကြသည်။ “မြန်မာ့လက်မှုလုပ်ငန်းမပျောက်ပျက် အောင် ဆက်လက်ထိန်းသိမ်းမယ့်ပညာ ရှင် လိုအပ်တယ်။ အိုးလုပ်ငန်းလုပ်သူ တော်တော်များများ တဖြည်းဖြည်း အသက်ကြီးလာပြီ။ အိုးဆရာတွေ ကလည်း လက်ဆင့်ကမ်းပြီး လူငယ်တွေကို လက်တွဲခေါ်ဖို့လိုပါတယ်။   ထုတ်လုပ်လိုက်တဲ့ပစ္စည်း တွေကို  နိုင်ငံတစ်ဝန်းကလူတွေ တန်ဖိုး ထားသုံးစွဲတတ်ပြီး မြန်မာ့လက်မှုပညာတွေကို  တန်ဖိုးထား ချစ်မြတ်နိုးတတ်တဲ့စိတ်ရှိမယ်ဆိုရင် မြန်မာ့စဉ့်ထည်နေရာမှာ   တခြားအစားထိုးပစ္စည်းတွေ သုံးဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး”  ဟု   ဒေါက်တာ နှင်းသက်အောင်ကပြောသည်။ အဆိုပါစဉ့်ထည်များကို မြန်မာနိုင်ငံ

အနှံ့အပြားသို့ တင်ပို့ရောင်းချလျက်ရှိရာတန်ဖိုးအားဖြင့် ငွေကျပ် ၁၅၀၀ မှ သောင်း ဂဏန်းအထိ  အစားစားရှိပြီး  အလှဆင် စဉ့်အိုးအကြီးများမှာ အရွယ်အစား၊ အရည် အသွေးပေါ်မူတည်၍ ငွေကျပ် ခြောက်သိန်း အထိရှိကြောင်း သိရသည်။ မြန်မာ့စဉ့်ထည်များ  မကွယ်ပျောက်စေရန်  ပညာရှင်များက  မျိုးဆက်သစ် လူငယ်များအား   မြန်မာ့ရိုးရာစဉ့်ထည် လက်မှုလုပ်ငန်းကို လက်ဆင့်ကမ်းအမွေ ပေးသင့်ပြီး  သုံးစွဲသူများကလည်း  ပြည် တွင်းဖြစ်စဉ့်အိုးနှင့်    စဉ့်အသုံးအဆောင် ပစ္စည်းများကို သုံးစွဲမည်ဆိုပါက နှစ်ပေါင်း များစွာတိုင်  ရေရှည်တည်တံ့နေမည်ဖြစ် ပါကြောင်း     ရေးသားတင်ပြလိုက်ရပါသည်။   ။       

ဆုလာဘ်