လက်လုပ်မိုင်းထောင်ရန်ပြုလုပ်စဉ် နှင့် လက်လုပ်ဗုံးများပြုလုပ်ရာမှ ပေါက်ကွဲမှုများဖြစ်ပွား၍ သေဆုံး၊ ဒဏ်ရာရရှိ

နေပြည်တော်၊ ဇူလိုင် ၁

    
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ အများပြည်သူသွားလာနေသော လမ်းမကြီးပေါ်၌ လက်လုပ်မိုင်းထောင်ရန်ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မြင်းခြံမြို့၊ အမှတ်(၆) ရပ်ကွက်နေ ဝင်းကျော်ကျော် (၃၅)နှစ် (ဘ) ဦးကျော်တင့်နှင့် အမျိုးသား ၁ ဦးတို့သည့် အမှတ်(၂) ရပ်ကွက်ရှိ ပြောင်းပြာတံတားအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်၌ Keypad ဖုန်းဖြင့် ချိတ်ဆက် ပြုလုပ်ထားသော လက်လုပ်မိုင်း ၂ လုံးအားထောင်နေစဉ် လက်လုပ်မိုင်းတစ်လုံးမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဝင်းကျော်ကျော်၏ ရင်ဘတ်၊ ယာလက်ဖျံနှင့် ခြေကျင်းဝတ်တို့တွင် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့သဖြင့် ၎င်းနှင့်အတူ ပါလာသူ အမျိုးသားမှ ဝင်းကျော်ကျော်၏ အလောင်းအား ၎င်း၏နေအိမ်တောင်ဘက်လမ်းပေါ်တွင် ချထားခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ပါသည်။
    
ထိုသို့သွားရောက်စစ်ဆေးခဲ့ရာ ဝင်းကျော်ကျော်အား ၎င်း၏နေအိမ်တောင်ဘက်လမ်းပေါ်၌ တိခိုက်ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် နေရာသို့ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေရာမှ မပေါက်ကွဲသေးသည့် Keypad ဖုန်းဖြင့် ချိတ်ဆက် ပြုလုပ်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ်သိမ်းဆည်းခဲ့ပါသည်။
    
အလားတူ ဇူလိုင်လ ၁ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်အချိန်တွင် မုံရွာမြို့၊ စက်မှုဇုန် ရပ်ကွက်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရာ စက်မှုဇုန်ရပ်ကွက်၊ စိန်ပန်းနီလမ်းပေါ်တွင် မုံရွာမြို့၊ မြဝတီရပ်ကွက် နေ အောင်ဇော်မျိုး(ခ) အငယ်လေး (၃၈)နှစ် (ဘ) ဦးခင်ဇော်နှင့် သလ္လာရပ်ကွက်နေ သီဟ (၂၀)နှစ် (ဘ) ဦးခင်ဇော်တို့ ၂ ဦးအား မျက်နှာ၊ လည်ပင်း၊ ရင်ဘက်၊ လက်မောင်းတို့တွင် ပေါက်ပြဲဒဏ်ရာ များဖြင့် တွေ့ရှိရသဖြင့် စစ်မေးခဲ့ရာ ၎င်းတို့ ၂ ဦးသည် စက်မှုဇုန်ရပ်ကွက်၊ (၂၉)လမ်းရှိ ကိုမင်း (စိစစ်ဆဲ) ပိုင်ဆိုင်သော “မိုးကောင်းကင်” တွင်ခုံလုပ်ငန်းနေအိမ်၌ လက်လုပ်ဗုံးများ ပြုလုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့၍ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
    
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စက်မှုဇုန်ရပ်ကွက်၊ (၂၉)လမ်းရှိ ကိုမင်း၏ တွင်ခုံလုပ်ငန်းနေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ ၎င်းအား မတွေ့ရှိရဘဲ အလုပ်ရုံအတွင်းမှ အကြမ်းဖက်တိုက်ခိုက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရရှိခဲ့သည်။

ထိုကဲ့သို့ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးပေါ်တွင် အများပြည်သူ၏ အသက်အန္တရာယ် ထိခိုက်စေရန် ရည်ရွယ်၍ လက်လုပ်မိုင်းဖောက်ခွဲရန် ပြုလုပ်ရာတွင် ဒဏ်ရာရရှိသူများအား ဆေးကုသနိုင်ရေး သက်ဆိုင်ရာဆေးရုံသို့ ပို့ဆောင်ထားခဲ့ပြီး ၎င်းတို့နှင့် ပူးပေါင်းပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။