လသာမြို့နယ်နှင့် ပုသိမ်မြို့တို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားများပြုလုပ်

လသာမြို့နယ်နှင့် ပုသိမ်မြို့တို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားများပြုလုပ်

နေပြည်တော်၊ ၂၀၂၃ အောက်တိုဘာ - ၅

        ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း မြညီလာခန်းမ၌လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမ၌ လည်းကောင်း အသီးသီး ပြုလုပ်ကြရာ  သက်ဆိုင်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ သက်ဆိုင်ရာ ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာ သီချင်းဖြင့် အသီးသီး သီဆိုဖျော်ဖြေကြပြီး အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားကြသည်။ ယင်းနောက် ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ ခေါင်းဆောင်များကပေးပို့သည့် သဝဏ်လွှာများကို တာဝန်ရှိသူများက အသီးသီး ဖတ်ကြားကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဂုဏ်ပြုလက်မှတ်နှင့် ချီးမြှင့်ငွေများ၊ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ ဂုဏ်ပြုဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။ ထို့နောက် ဆရာကြီး၊ ဆရာမကြီးများအား ဂါရဝပြု လက်ဆောင်များဖြင့် ပူဇော်ကန်တော့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ‘‘ အာစရိယ ဂုဏော အနန္တော ’’ သီချင်းဖြင့် သီဆို ဖျော်ဖြေခဲ့ကြကြောင်း သတင်းရရှိသည်။