လားရှိုးမြို့နယ်၌ ငွေကျပ် သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိဘိန်းဖြူများဖမ်းဆီးရမိ

လားရှိုးမြို့နယ်၌ ငွေကျပ် သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိဘိန်းဖြူများဖမ်းဆီးရမိ

နေပြည်တော်  ဇန်နဝါရီ  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် နောင်လိုင်ကျေးရွာအနီး   လားရှိုး-နမ္မတူသွားကားလမ်း၌ ယမန်နေ့မွန်းတည့် ၁၂ နာရီခန့်က ငွေကျပ်သိန်း ၂၄၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းဆီးရမိကြောင်းသိရသည်။ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ  တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယမန်နေ့မွန်းတည့် ၁၂ နာရီခန့်က လားရှိုးမြို့နယ် နောင်လိုင်ကျေးရွာအနီး လားရှိုး-နမ္မတူသွားကားလမ်း၌ လားရှိုးမြို့ဘက်မှ နမ္မတူမြို့ဘက်သို့ အိုက်မာန် မောင်းနှင်လာသည့် FORLAND  အမျိုးအစား မော်တော်ယာဉ်ကိုရပ်တန့်စစ်ဆေးရာ  ယာဉ်ကိုယ်ထည်ကြမ်းခင်းအောက်တွင် အံဝှက်ပြုလုပ်ထည့်သွင်းသယ်ဆောင်လာသည့် ဘိန်းဖြူ ၁၆ ဒသမ ၅ ကီလိုအား သိမ်းဆည်းရမိသည်။

စစ်ဆေးချက်အရ အဆိုပါ သိမ်းဆည်းရမိဘိန်းဖြူများမှာ လားရှိုးမြို့နယ်မှ မန်တုံမြို့နယ်သို့ သယ်ဆောင်၍ မန်တုံ-မိုးမိတ်-ကချင်ပြည်နယ်သို့  သယ်ယူရောင်းချမည်ဖြစ်ကြောင်း သိရသည်။ဖြစ်စဉ်နှင့်ပတ်သက်၍ အိုက်မာန် ၂၅နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူထားကြောင်း    မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။                     
ရဲပြန်ကြား