လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများသို့ စတုတ္ထအကြိမ် မြောက် ဆွမ်းဆန်စိမ်းကပ်လှူပူဇော်
နေပြည်တော်၊ မတ် - ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၉၁ ကျောင်း နှင့် သီလရှင်ကျောင်း ၈ ကျောင်းတို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင် များအား တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုဝင်များနှင့် စေတနာရှင်အလှူရှင်များ က စတုတ္ထအကြိမ်မြောက် ဆွမ်းဆန်စိမ်းကပ်လှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်၌ ပြုလုပ်ရာ မဟာဗောဓါရုံကျောင်း တိုက် ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာရဒနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ ဇမ္ဗူအေးအေတီတပ်ဦး ပရိ ယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဉတ္တမ တို့ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာရှင်အလှူရှင် များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဗောဓါရုံကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူသော ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား နဝကမ္မအလှူငွေများ၊ သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လားရှိုးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း ၉၁ ကျောင်းနှင့် သီလရှင်ကျောင်း ၈ ကျောင်းတို့အတွက် ဆွမ်းဆန်တော်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူဒါန်းကြသည်။