လားရှိုးမြို့၊ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော် ပရဝဏ်၌ “ကျော်မေတ္တာ ထွန်း” လမ်းသစ်ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦး စေတီတော်မှ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၉)သို့ ဖောက်လုပ်ဆက်သွယ် ထားသည့် “ကျော်မေတ္တာထွန်း” လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နှင့် တိုင်းမှူးတို့က အလျား ပေ ၆၀၀ ၊ အနံ ၁၄ ပေရှိသော “ကျော်မေတ္တာထွန်း” လမ်းသစ်ကြီးအား ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူး တို့က “ ကျော်မေတ္တာထွန်း” လမ်းသစ်ကမ္ဗည်းမော်ကွန်းကျောက်စာတိုင်အား အမွှေးနံ့သာ ရည်များ ပက်ဖြန်းပြီး သပြေတူတ(စင်္ကာပူချယ်ရီ)ပင်များ စိုက်ပျိုးခဲ့ကြပြီး လမ်းသစ် တစ်လျှောက် လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် ရန်တိုင်းအောင်ဆုတောင်းပြည့်မြို့ဦးစေတီတော် ပရဝဏ်အတွင်း တည်ဆောက်လျက်ရှိသည့် အောင်ကမ္ဘောအေး ဗုဒ္ဓဗောဓိဉယျာဉ်တော် တည်ဆောက် ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် အလှူငွေများအား အလှူရှင်အသီးသီးမှ ပေးအပ်လှူဒါန်းရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌနှင့် တိုင်းမှူးတို့က လက်ခံ ရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။