လားရှိုးမြို့၊ သီရိမင်္ဂလာဓမ္မရတနာ သုံးထပ်ကျောင်းဆောင်တော်သစ် ဆောက်လုပ် ရန်အတွက် အလှူငွေပေးအပ်ပွဲပြုလုပ်

နေပြည်တော်၊ မေ - ၂၄
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သီရိမင်္ဂလာဓမ္မရတနာ သုံးထပ် ကျောင်းဆောင်တော်သစ်ဆောက်လုပ်ရန်အတွက် အလှူငွေပေးအပ်ပွဲကို ယနေ့တွင် ပြုလုပ်ရာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြသည်။
    
ဦးစွာ တက်ရောက်လာကြသူများက လားရှိုးမြို့နယ် သံဃနာယကဉက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၏ နိုင်ငံစွမ်းဆောင်ရည်ဆုရ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂ မဟာကမ္မဌာနာစရိယ သီရိမင်္ဂလာမန်ဆူကျောင်းတိုက် ဆရာတော်ဒေါက်တာ ဘဒ္ဒန္တ ပုညနန္ဒ ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
    
ထို့နောက် အလှူငွေပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ခဲ့ပြီး ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ၊ တိုင်းမှူးနှင့် အလှူရှင်များက အလှူငွေများအား ပေးအပ် လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်ခဲ့ကြောင်းနှင့် အခမ်းအနားအား “ ဗုဒ္ဓသာသနံ စိရံတိဌတု ” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။
    
ယနေ့ကျင်းပပြုလုပ်သော အခမ်းအနားတွင် အလှူရှင်အသီးသီးမှ လှူဒါန်း သော အလှူငွေကျပ်သိန်းပေါင်း ၂၇၀၀ အား ရရှိခဲ့ကြောင်း သတင်းရရှိသည်။