လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက်၌ ဆောက်လုပ်လှူဒါန်းမည့် သီရိမင်္ဂလာဓမ္မရတနာ သုံးထပ်ကျောင်းဆောင်တော်သစ် ပန္နက်တော်တင်လှူခြင်း နှင့် ရတနာအုတ်မြစ်တော်စီခြင်း မင်္ဂလာ ကျင်းပ

နေပြည်တော်၊ မေ - ၂၅
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက် ၌ ဆောက်လုပ်လှူဒါန်းမည့် သီရိမင်္ဂလာဓမ္မရတနာ သုံးထပ်ကျောင်းဆောင်တော် သစ် ပန္နက်တော်တင်လှူခြင်းနှင့် ရတနာအုတ်မြစ်တော်စီခြင်း မင်္ဂလာကို ယနေ့နံ နက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ လားရှိုးမြို့၊ ဇမ္ဗူအေး အေတီတပ်ဦးကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တဉတ္တမ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂမဟာဂန္တ ဝါစကပဏ္ဍိတ လားရှိုးမြို့၊ မြို့မကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ကလျာဏ နှင့် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တပုညနန္ဒ တို့ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဒေါက်တာ ကျော်ထွန်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် နိုင်နိုင်ဦး နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ၊ တိုင်းမှူနှင့် တက်ရောက် လာကြသူများက ရွှေပန္နက်တော်နှင့် ရွှေလက်ရိုက်တော်များကို ဆရာတော်ကြီးများ ထံ ဆက်ကပ်ကြသည်။ ထို့နောက် သံဃာတော်များ၊ ရှမ်းပြည်နယ်စီမံ အုပ်ချုပ်ရေး ကောင်စီ ဉက္ကဌ၊ တိုင်းမှူနှင့် တက်ရောက် လာကြသူများက သုံးထပ်ကျောင်းဆောင် ဆောက်လုပ်မည့်နေရာအား နေ့နာမ်အလိုက် ပန္နက်တော်တင်ခြင်းနှင့် ရတနာ အုတ်မြစ်တော်များ စီလှူပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။
    
၎င်းနောက် ဆရာတော်ကြီးများက “ဇယန္တော ဗောဓိယာမူလေ” အစရှိသော အောင်ဂါထာတော်များကို ရွတ်ဖတ်ပူဇော်ကြပြီး ကျောင်းဝန်းအတွင်း ဗောဓိပင်များ စိုက်ပျိုးကာ မဟာဗောဓိပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
    
ဆက်လက်၍ နိုင်ငံတော်မှ ဆက်ကပ်လှူဒါန်းသော ဘွဲ့တံဆိပ်တော်များနှင့် ထိုင်းနိုင်ငံ “မဟာချူလာလောင်ကွန်း”တက္ကသိုလ်မှ လှူဒါန်းသော ဘွဲ့တံဆိပ်တော် ရရှိသော သံဃာတော် ၅ ပါးတို့ကို ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ၊ တိုင်းမှူနှင့် တာဝန်ရှိသူများက ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ထပ်ဆင့် ဆက်ကပ် ဂုဏ်ပြုပူဇော်ကြပြီး သံဃာတော်များအား ဆွမ်းဆန်စိမ်းနှင့် နေ့ဆွမ်း ဆက်ကပ်လောင်းလှူခဲ့ကြောင်း သတင်းရရှိသည်။