လီဗာပူးအသင်းနှင့်ကစားမည့်ပွဲစဉ်တွင် မန်ယူအသင်းပရိသတ်များ ကွင်းအတွင်း ဝင်ရောက်မှု မပြုလုပ်ဘဲ အသင်းပိုင်ရှင်ဂလေဇာမိသားစုကို ဆန္ဒထုတ်ဖော်မှုများပြုလုပ်မည်
မန်ယူအသင်းပရိသတ်များက ပရီးမီးယားလိဂ် ပွဲစဉ်(၃)အဖြစ်ကစားမည့် မန်ယူအသင်းနှင့် လီဗာပူးအသင်းတို့ပွဲစဉ်တွင် ကွင်းအတွင်း ဝင်ရောက်မှုမပြုလုပ်ဘဲ အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်ဘောလုံးရာသီက လည်း အဆင့်(၆)နေရာ၌သာ ရပ်တည်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်နှင့်လွဲချော်ခဲ့ရသည့်အတွက် မန်ယူ အသင်းပရိသတ်များ စိတ်ဆိုးဒေါသထွက်ခဲ့ကြသကဲ့ သို့ လက်ရှိကစားသမားအပြောင်းအရွှေ့ကာလတွင် လည်း ကစားသမားခေါ်ယူမှုအပိုင်းနှင့်ပတ်သက်ပြီး အသင်းပရိသတ်များက အသင်းပိုင်ရှင်ဂလေဇာမိသားစုကို စိတ်ဆိုးဒေါသထွက်နေခဲ့ကြခြင်းဖြစ်သည်။
ကစားသမားအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းအနေဖြင့် မာလာစီယာ၊ မာတီနက်ဇ်နှင့် အဲရစ်ဆင်တို့ကိုသာ ခေါ်ယူနိုင်သေးပြီး လက်ရှိတွင် ဘိုလော့ဂ်နာအသင်းမှ အနော်တိုဗစ်နှင့်ဂျူဗင်တပ်စ်အသင်းမှ ရာဘီယော့တို့ကို ခေါ်ယူရန်ကြိုးပမ်းနေသည့် အသင်း၏လုပ်ရပ်ကို အသင်းပရိသတ်များက ဒေါသထွက်ခဲ့ကြခြင်းဖြစ်သည်။
မန်ယူအသင်းပရိသတ်များ၏ အွန်လိုင်းပေါ်မှ ဆန့်ကျင်မှုများကြောင့် အနော်တိုဗစ်ကိုခေါ်ယူရန်အစီအစဉ်ကို လက်လျှော့ခဲ့သော်လည်း ပရိသတ်များ စိတ်ကျေနပ်စေမည့် ကစားသမားအပြောင်းအရွှေ့များမပြုလုပ်နိုင်သေးသည့်အတွက် အသင်းပရိသတ်များက အသင်းပိုင်ရှင်ဂလေဇာမိသားစုနှင့် အသင်းတာဝန်ရှိသူများ၏လုပ်ရပ်ကို စိတ်ဆိုးဒေါသထွက်
လျက်ရှိပြီး အိမ်ကွင်းအိုးထရက်ဖို့ဒ်ကွင်း၌ကစားမည့် မန်ယူအသင်းနှင့် လီဗာပူးအသင်းတို့ပွဲစဉ်ကို ကွင်းအတွင်း ဝင်ရောက်ကြည့်ရှုမှုမပြုလုပ်ဘဲ အိုးထရက်ဖို့ဒ်ကွင်းအပြင်ဘက်တွင် ပရိသတ်အင်အားအများအပြားစုရုံးပြီး ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း သိရသည်။