လုံခြုံရေးဆောင်ရွက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်  မတ်  ၁၇

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည်များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားရေးအခက်အခဲမရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကိုလည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်း ဆောင်လျက်ရှိသော တပ်မတော်သားများ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့်ချီးမြှင့်ငွေများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ စားသောက် ဖွယ်ရာများကို ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင်   နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက် ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအတွက် အလှူရှင်များက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။                   

(၁၀၀)