လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်  မိသားစုဝင်များအား ဆန်၊ ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်

နေပြည်တော်  မတ်  ၂၄

နိုင်ငံတော်နှင့် တပ်မတော်အတွက် အသက်ပေးလှူခဲ့ရသည့် အရာရှိ၊ စစ်သည် များ၏ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ရဲမှုထမ်းဟောင်း အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စားရေးအခက်အခဲ မရှိစေရန် ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို လည်းကောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်လျက်ရှိသော တပ်မတော်သားများနှင့်  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် ဆေးဝါးများ၊ စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ၊ စစ်မှုထမ်းဟောင်းရုံး၊ အိမ်ရာများ၊ တပ်နယ်ခန်းမများ၊ ရဲတပ်ဖွဲ့မှူးရုံးများနှင့် သက်ဆိုင်ရာ ရဲစခန်းများ၌ ပေးအပ်လျက်ရှိသည်။

ထိုသို့ပေးအပ်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အတွက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက လည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ဒိုက်ဦးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအတွက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက လည်းကောင်း    သွားရောက် တွေ့ဆုံ၍ ဆန်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ကာလိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် နိုင်ငံတော် ကာကွယ်ရေးနှင့်  လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ အတွက် အလှူရှင်များက စားသောက် ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက   လက်ခံ ရယူခဲ့ကြကြောင်း သတင်းရရှိသည်။