လူမှုကွန်ရက်တွင်ပျံ့နှံ့နေသော ICRC ထောက်ပံ့ရေးရေယာဉ်ပစ်ခတ်ခံရမှု သတင်း မှာ မှန်ကန်မှုမရှိ၊ အဆိုပါစက်လှေမှာ AA အကြမ်းဖက်သောင်းကျန်းသူများ စီးနင်းလာသည့် စက်လှေသာဖြစ် 

နေပြည်တော်၊ အောက်တိုဘာ ၂၈

လူမှုကွန်ရက်စာမျက်နှာအချို့မှ ယနေ့နေ့လယ်ပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း ကံပြင်ကျေးရွာအနီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ ICRC ရိက္ခာထောက်ပံ့ရေးရေယာဉ်တစ်စီးအား တပ်မတော်မှ ပစ်ခတ်သဖြင့် မီးလောင်ပျက်ဆီးခဲ့ကြောင်း သတင်းများထုတ်ဝေခဲ့သည်။    
ဖြစ်စဉ်မှန်မှာ ရသေ့တောင်မြို့နယ်၊ မေယုမြစ်အတွင်း အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နေသည့် တပ်မတော်စစ်ရေယာဉ် ၃ စီးသည် ယနေ့နံနက်ပိုင်းတွင် အောင်ဇေယျကျေးရွာမှ ရသေ့တောင်မြို့သို့ ခုတ်မောင်းလာစဉ် အောင်ဇေယျ ကျေးရွာ၏ တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ မင်းကျွန်းအနီးသို့ အရောက် အနောက်ဘက်ကမ်းမှ အရှိန်ဖြင့်မောင်းနှင်လာသော အလျားပေ ၄၀ ၊ အနံ ၁၇ ပေခန့်ရှိ စက်လှေပေါ်မှ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ရေယာဉ်ပေါ်တွင် လိုက်ပါလာသည့်လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများ စီးနင်းလာသည့် စက်လှေမှာ မီးစွဲလောင်၍ မေယုမြစ်အတွင်း မျောပါသွားခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ICRC မှ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်း ခဲ့ရာ အဆိုပါစက်လှေသည် ICRC စက်လှေမဟုတ်ကြောင်းသိရှိရပြီး လူသားချင်းစာ နာထောက်ထားမှု အကူအညီပေးရန်ရှိပါကလည်း သက်ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ရေးကော်မတီများသို့ ကြိုတင်အသိပေးညှိနှိုင်းပြီးမှသာ ပို့ဆောင်ပေးလျက်ရှိသည့် အပြင် လုံခြုံရေးအဖွဲ့များကလည်း လိုအပ်သည်များ ကူညီပူးပေါင်းဆောင်ရွက်ပေး  လျက်ရှိပါကြောင်းနှင့်ICRC ရိက္ခာထောက်ပံ့ရေးရေယာဉ် ပစ်ခတ်ခံရသည်ဆိုသည့် လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သတင်းမှားများနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် သတင်းမှန်အား သိရှိနိုင်ရန် ထုတ်ပြန်အပ်ပါသည်။