နှစ်စဉ် ဇူလိုင်လ ၁၁ ရက်နေ့သည် ကမ္ဘာ့လူဦးရေနေ့ဖြစ်သည်။ ကမ္ဘာ့လူဦးရေသန်း ၅၀၀၀ ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင် ၁၁ ရက်ကို ကမ္ဘာ့လူဦးရေနေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက ၁၉၈၉ ခုနှစ်တွင် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်မှစတင်ကာ လူဦးရေဆိုင်ရာ ပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်နွှယ်မှုကို ပိုမိုသဘောပေါက်လာစေရန် ရည်ရွယ်လျက် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားများကို နိုင်ငံအသီးသီးတွင် ကျင်းပခဲ့ကြသည်။ ကမ္ဘာကြီးတွင် နှစ်စဉ် လူဦးရေတိုးပွားနှုန်းသည် သန်း ၈၀ နှင့် ၁၀၀ အကြားရှိကြောင်း သိရှိရသည်။
ကမ္ဘာ့လူဦးရေ များပြားလာခြင်းသည် ပတ်ဝန်းကျင်အကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်း၊ အလုပ်လက်မဲ့ အကျပ်အတည်းများ ဖြစ်ပေါ်စေလျက်ရှိသည်။ ယနေ့ကာလတွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကပ်ရောဂါဆိုးနှင့် ကြုံတွေ့နေရသဖြင့် အဆိုပါ အကျပ်အတည်းသုံးခုကို ပိုမိုဖြစ်ပွားစေလျက်ရှိသည်။ ထို့ပြင် လူဦးရေ များပြားလာသည်နှင့်အမျှ မတရားမှုနှင့် ဥပဒေဆိုင်ရာပြစ်မှုများကို လက်ရဲဇက်ရဲပြုမူလာကြသည်။ ကမ္ဘာ့ဖွံ့ဖြိုးပြီး နိုင်ငံများ၌ပင် ဒုစရိုက်အမျိုးမျိုး ပေါ်ပေါက်လျက်ရှိသည်။ နိုင်ငံအများအပြားတွင် ဆင်းရဲသူက လွန်စွာဆင်းရဲနေပြီး ချမ်းသာသူက လွန်စွာချမ်းသာလျက်ရှိသည်။ ဆင်းရဲချမ်းသာကွာဟမှုသည် ဒုစရိုက်မှုဖြစ်စေသော အကြောင်းအချက်များတွင် တစ်ခုပါဝင်သည်။
မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏တည်နေရာ အကျယ်အဝန်း လူဦးရေတို့သည် အချိုးအစားညီမျှသည်ဟု ဆိုနိုင်သည်။ စားနပ်ရိက္ခာအတွက်လည်း လယ်ယာစိုက်ပျိုးထုတ်လုပ်သော နိုင်ငံဖြစ်သည့်အတွက် ဝမ်းစာဖူလုံမှုရှိသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းတွင် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီးနှစ်နိုင်ငံနှင့် လူဦးရေပေါက်ဖွားမှု မြင့်မားလွန်းသည့် နိုင်ငံတစ်နိုင်ငံ ရှိနေသည်။ မြန်မာတို့အနေဖြင့် လူဦးရေနှင့်စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းမျှတမှုရှိနေသော်လည်း နိုင်ငံအချို့တွင် ရွက်ဖျင်တဲများ၊ သစ်ပင်ကြီးများအောက်တွင် စုပေါင်းနေထိုင်နေကြရသည်။ စားနပ်ရိက္ခာမလုံလောက်၍ ငတ်မွတ်ခေါင်းပါးခြင်း ဘေးဒုက္ခနှင့် ရင်ဆိုင်နေကြရသည်။
မြန်မာနိုင်ငံသည် သယံဇာတပေါကြွယ်ဝသောနိုင်ငံ ဖြစ်သည့်အပြင် ဗုဒ္ဓဘာသာထွန်းကားသော နိုင်ငံဖြစ်သည့်အတွက် အေးချမ်းစွာ နေထိုင်နိုင်ကြသော်လည်း စိုးရိမ်ဖွယ်ရာ တစ်ခုမှာ နယ်မြေကျူးကျော်မှု၊
တရားမဝင် နိုင်ငံဖြတ်ကျော်မှုများကို သတိထားကြရမည်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အနောက်တံခါးကို တင်းတင်းကျပ်ကျပ် စောင့်ကြည့်ရန် လိုသကဲ့သို့ တံခါးလုံခြုံမှုရှိရေး အတွက်လည်း နိုင်ငံချစ်သူတိုင်းက မြော်တွေးဆပြင်ဆင် လုပ်ဆောင်သင့်လှသည်။ မြန်မာ့စိတ်ရင်းအရ သူတစ်ပါးဒုက္ခကြုံသည်ကို ကူညီချင်ကြသည်။ ကိုယ်ချင်းစာနာတတ်သည်။ အားနာတတ်သည်။ တိုင်းပြည်နှင့်လူမျိုး အနာဂတ်အရေးအတွက် ဆိုရလျှင် မည်သူ့ကိုမှ အားမနာတမ်းပြုမူ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပေသည်။
ကုလသမဂ္ဂက ချမှတ်ထားသော စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်(၁၇)ရပ်မှ ပန်းတိုင်(၁)သည် ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာပေါ်ရှိနေရာဒေသ အားလုံးတွင် ဆင်းရဲမှုအဆုံးသတ်စေရေး ပန်းတိုင်ဖြစ်သည်။ ဆင်းရဲမှု အဆုံးသတ်ရေးအတွက် လူဦးရေတိုးပွားမှုကို အတတ်နိုင်ဆုံးထိန်းချုပ်ကြရမည် ဖြစ်သည်။ ကမ္ဘာ့လူဦးရေကို မထိန်းချုပ်နိုင်လျှင် ကမ္ဘာကြီးတွင် အခက်အခဲအမျိုးမျိုးနှင့် ကြုံတွေ့နေကြရမည် ဖြစ်သည်။ စားနပ်ရိက္ခာမလုံလောက်မှု၊ သန့်ရှင်းသော သောက်သုံးရေရှားပါးမှု၊ နေစရာရှားပါးလာမှုတို့သည် လူဦးရေထိန်းချုပ်မှု မရှိပါက ကြုံတွေ့ရမည့် ပြဿနာများ ဖြစ်သည်။ လူဦးရေထူထပ်မှုနှင့်အတူ သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့်လည်း ရင်ဆိုင်ကြရမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်မိုးရာသီ၌ သစ်ပင်စိုက်ပျိုးခြင်းများ ပြုမူလုပ်ဆောင်နေသည်မှာ အလွန်ကောင်းမွန်သောလုပ်ရပ် ဖြစ်သည်။
ကမ္ဘာ့လူဦးရေ ထိန်းချုပ်ခြင်းအတွက် အဓိကလုပ်ဆောင်ရမည်မှာ နိုင်ငံအသီးသီး၌ မျိုးဆက်ပွားကျန်းမာရေး ဖြစ်သည်။ လူမျိုးဘာသာမရွေး နိုင်ငံတိုင်းက ကျင့်သုံးနိုင်မှသာ ကမ္ဘာပေါ်ရှိ လူသားတိုင်း ဆင်းရဲမှုသံသရာမှ လွတ်မြောက်မည်။ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာပြည့်ဝရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်။ မျိုးဆက်ပွား ကျန်းမာရေးကို ပီပြင်စွာ ဖော်ဆောင်ခြင်းဖြင့် လူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အပံ့ ဖြစ်စေပြီး အမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးများ၏ လူမှုဘဝကိုလည်း မြှင့်တင်ပေးနိုင်သည်။
ကမ္ဘာပေါ်တွင် လူဦးရေ တိုးပွားလာသည်နှင့်အတူ ထိုတိုးပွားလာသော လူသားတို့သည် လူ့လောကကြီးကို ကောင်းကျိုးပြုသူများ ဖြစ်သင့်သည်။ လောကကောင်းကျိုးပြုသူများ ပေါများမှသာ ကမ္ဘာကြီးသည် ငြိမ်းချမ်းသာယာနေမည်ဖြစ်သည်။ ကမ္ဘာမြေသာယာဖို့ မျိုးဆက်ပွားကျန်းမာရေးကိုမြှင့်တင်စို့ ကမ္ဘာ့လူဦးရေနေ့ ဆောင်ပုဒ်နှင့်အညီ တိုးပွားလာသမျှ လူသားတို့တွင် လောဘ၊ ဒေါသ၊ မောဟနည်းပါးပြီး မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတရားများ ကျင့်သုံးမှသာ ကမ္ဘာကြီးသည် အေးချမ်းသာယာကာ ကျန်းမာချမ်းသာမည် ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။ ။